လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမအနီး တောလမ်းကြားမှာ ကားတစီး ရက်အတော်ကြာ ရပ်ထားလို့ ရဲစခန်းမှာ အပ်ထား

ဖေဖော်ဝါရီ ၁၈-၂၀၂၃

Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမ၊ မူဆယ်ဘက် အထွက် ပန်ဂျရော့ရွာအနီး ကြံခင်းနားက တောလမ်းကြားမှာ ကားတစီး ရက်အတော်ကြာ ရပ်ထားပြီး ပိုင်ရှင် ပေါ်မလာတာကြောင့် ရဲစခန်းမှာ အပ်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

“ကျနော်လည်း ရဲစခန်းကို သွားအပ်လိုက်တယ်ဆိုတာက သူ့ပိုင်ရှင်၊ သူ့ရဲ့ဆွေမျိုးတွ မြန်မြန်သိအောင်ပေါ့နော်။ ကားပိုင်ရှင်ကတော့ ဘယ်လိုဖြစ်နေတယ် ကျနော်တို့လည်း မသိဘူး။ သူ့ရဲ့ဆွေမျိုးတွေ ဒီကားကို မြန်မြန်တွေ့အောင် သတင်းမြန်မြန်ရအောင် ဆိုပြီးတော့ ရဲစခန်းကို သွားအကြောင်းကြားလိုက်တာ။”လို့ မျက်မြင်ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တပတ်အတွင်း သူ့ကြံခင်းနားမှာ တောမီး(၃)ကြိမ်ခန့် လောင်ခဲ့တာကြောင့် ရွာခံတွေ အများအပြားနဲ့ သွားရောက် မီးငြှိမ်းသတ်ရာမှာ အဲဒီကားကို တွေ့ခဲ့ပြီး အကြိမ်ကြိမ်သွားခဲ့ပေမယ့် ကားက လာမယူဘဲ ရှိနေတာကြောင့် ရက်အနည်းငယ် ထပ်စောင့်ပြီးမှာ ရွာခံတွေနဲ့ ပြန်သွားကြည့်ခဲ့ရာမှာ ကားက ယာဉ်မောင်းထိုင်တဲ့ဘက် တံခါးလည်း လော့ခ်မချထားဘူးလို့ သိရပါတယ်။

“အဲဒီ စီယာတိုင်ဘက်ကို။ မှန်လည်း ချထားတယ်။ ပြီးတော့ တံခါးကလည်း လော့ခ် မချထားဘူး။ ကျနော်တို့ ဖွင့်ကြည့်တယ်။ အပြင်ကနေ လှမ်းကြည့်လိုက်တဲ့အခါကျတော့ သူ့ရဲ့ ယာဉ်မောင်းလိုင်စင်လည်း တွေ့တယ်။” လို့ သူက ရှင်းပြပါတယ်။ 

သာမန်ကားဆရာတွေအနေနဲ့ ယာဉ်မောင်းလိုင်စင်၊ ကားလိုင်စင်တွေကို ရက်အကြာကြီး ထားခဲ့မှာ မဟုတ်ဘူးဆိုပြီး အဲဒီ မျက်မြင်အမျိုးသားနဲ့ သူ့သူငယ်ချင်းက နမ့်ဖတ်ကာ ရဲစခန်းမှာ ယာဉ်မောင်းလိုင်စင်နဲ့ ယာဉ်လိုင်စင်တွေကို သွားအပ်ခဲ့တယ်လို့ သိရပါတယ်။ 

ယာဉ်မောင်းလိုင်စင်ထဲမှာတော့  အသက် ၃၃ နှစ်အရွယ်ရှိ နေလင်းထွန်း အမည်နဲ့ မှတ်ပုံတင်တခု တွေ့ရပြီး မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်ကဖြစ်တယ်လို့ တွေ့ရပါတယ်။

ယာဉ်မောင်းလိုင်စင် သွားအပ်တဲ့အချိန် ရဲစခန်းက အဲဒီကားကိုလည်း စခန်းမှာပဲ ထိန်းသိမ်းစောင့်ရှောက်ထားမယ်လို့ ပြောတာကြောင့် စက်နှိုးရအောင် ဝပ်ရှော့ဆရာတွေကို အကူအညီတောင်းပြီး အဲဒီကား ရှိတဲ့နေရာကို သွားပြခဲ့တယ်လို့ ပြောပါတယ်။

“ကားကို မောင်းပြန်ခဲ့တဲ့အထိ မစောင့်ခဲ့တော့ဘူး၊ အိမ်ပြန်ခဲ့လိုက်တာကြောင့် ကားလည်း ရဲစခန်းမှာပဲ သိမ်းထားမယ်ထင်တယ် “လို့ သူကပြောပါတယ်။ 

ကြံခုတ်တောင်သူတဦးကလည်း “ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီကြံခင်းနားမှာ ကြံခုတ်တဲ့ ဒေသခံတွေက အဲဒီကားကို လက်နက်ကိုင်အဖွဲ့တဖွဲ့က လူအင်အားအများကြီးနဲ့ အဲဒီကားကို တားခဲ့ပြီး ကားကို ကြံခင်းဘက်က တောလမ်းကြားထဲ မောင်းသွားခိုင်းတာတွေ့တယ်၊ အဲဒီ ကားထားတဲ့နားရောက်တော့ ကားပေါ်ကနေ ကားသမားကို ဆင်းခိုင်းပြီး လက်နက်ကိုင်အဖွဲ့တွေ ဝိုင်းထားပြီး သူ့ကို သေနတ်နဲ့တေ့ထားပြီး တောလမ်းအတိုင်း ခေါ်ဆောင်သွားတာ မြင်တွေ့ခဲ့တယ်”လို့ ပြောပါတယ်။

ကားတွေ့ရှိခဲ့တဲ့နေရာကတော့ မူဆယ်-လားရှိုး မိန်းလမ်းပေါ်၊ မူဆယ်ဘက် အထွက်လမ်း၊ နမ့်ဖတ်ကာ ရဲစခန်းအကျော်၊ အမှတ် ၁၂၃ တပ်ရှေ့ ရွာကနေ ဆိုင်ကယ်နဲ့သွားရင် ၁၅ မိနစ်လောက် ကြာတဲ့ ကြံခင်းနားက တောလမ်းကြားထဲမှာတွေ့ရှိခဲ့တာဖြစ်ပြီး မိသားစုဝင်နဲ့ ဆွေမျိုးတွေကို အမြန်ဆုံး သိစေချင်တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူပြောပြချက်အရ သိရပါတယ်။

Photo Crd-CJ

#voiceofmyanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW