တက္ကသိုလ်ဝင်စာမေးပွဲအတွက် မီးမပျက်ဖို့ စီးပွားရေးလုပ်ငန်းတွေ ညပိုင်းမီးမသုံးရ၊ လိုက်နာမှုမရှိရင် အရေးယူမယ်လို့ ကြေညာ

ဖေဖော်ဝါရီ ၂၄ – ၂၀၂၃
SN (VOM)

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့်သူတွေအတွက် ညပိုင်းစာကြည့်ချိန် မီးမပျက်ရေး စီးပွားရေးလုပ်ငန်းတွေရဲ့မီးသုံးစွဲမှုကို ကန့်သတ်ထားမှာဖြစ်ပြီး လိုက်နာမှုမရှိရင် အရေးယူမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က အသိပေး ကြေညာထားပါတယ်။

လာမယ့် မတ်လ ၈ ရက်မှာ စတင်ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲ ညပိုင်းစာကြည့်ချိန်အတွက် စာမေးပွဲကျင်းပတဲ့နေ့မှ စတင်ကာ ပြီးဆုံးတဲ့အချိန်အထိ ရက်ပေါင်း ၂၀ အတွင်း ညနေ ၅ နာရီက ၁၀ နာရီအထိ သီးသန့်ကန့်သတ်ဓာတ်အားဖြန့်ဖြူးပေးထားမယ်လို့ YESC က အသိပေး ထုတ်ပြန်ထားပါတယ်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် စောင့်ကြည့် အရေးယူသွားမယ်လို့ သိရတယ်။ ဘယ်လို ပုံစံမျိုးနဲ့ အရေးယူဆောင်ရွက်မယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး“လို့ မြောက်ဒဂုံမြို့နယ်က အသေးစားနဲ့အလတ်စား အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောပါတယ်။

သီးသန့်ကန့်သတ် ဓာတ်အားဖြန့်ဖြူးပေးနေတဲ့အချိန် စက်မှုဇုန်တွေ မဟုတ်တဲ့ အများပြည်သူအုပ်စုအတွင်း ဓာတ်အားသုံးစွဲနေတဲ့ စက်မှုလက်မှုလုပ်ငန်းရှင်တွေအနေနဲ့ လျှပ်စစ်ဓာတ်အားကို သုံးစွဲကာ လုပ်ငန်းမလုပ်ကိုင်ကြဖို့ အသိပေးပန်ကြားထားကာ လိုက်နာခြင်းမရှိပါက အုပ်ချုပ်မှုနည်းလမ်းတွေအရ အရေးယူသွားမယ်လို့ သိရပါတယ်။

“တနှစ်လုံးပျက်ပြီး စာမေးပွဲ ဖြေမယ့်ရက်မှ မီးကုန်ယမ်းကုန် စာကျက်ရမယ့်သဘောပေါ့။ ကျက်ရမယ့်အချိန်ကလည်း ညနေ ၅ နာရီကနေ ည ၁၀ နာရီအထိပဲပေါ့။ အဲ့ဒီနောက်ပိုင်းတွေကတော့ ကျက်စရာမလိုဘူးဆိုတဲ့ သဘောလား။ တနှစ်တာလုံးမှာ စာမေးပွဲဖြေမယ့်ရက်ပဲ စာကျက်ရမယ်ဆိုတဲ့ ဌာနဆိုင်ရာ လူကြီးမင်းများရဲ့ အသိပညာ သြချလောက်ပါပေရဲ့။ တိုးတက်ဦးမယ့် မြန်မာ့ပညာရေး“ လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

YESC အနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေ ညပိုင်းစာကြည့်နိုင်ဖို့အတွက် ဓာတ်အားတိုးတက် ဖြန့်ဖြူးနိုင်ဖို့ ဓာတ်အားထုတ်လုပ်မှု တိုးမြှင့်ရေးကို စီမံဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စာမေးပွဲဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေ ညပိုင်းစာကြည့်ချိန်အတွင်း ဓာတ်အား ထုတ်လုပ်နိုင်မှုနဲ့ သုံးစွဲမှု မမျှတပါက ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း သိရပါတယ်။

အခု ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမယ့်ရက်တွေမှာ ဘာသာရပ်အလိုက် မတ်လ ၈ ရက်နေ့မှာ မြန်မာစာ၊ ၉ ရက်နေ့မှာ အင်္ဂလိပ်စာ၊ ၁၀ ရက်နေ့မှာ သင်္ချာ၊ ၁၃ ရက်နေ့မှာ ဓာတုဗေဒ၊ ၁၄ ရက်နေ့မှာ ရူပဗေဒ၊ ၁၅ ရက်နေ့မှာ ဇီဝဗေဒ/ဘောဂဗေဒ၊ ၁၆ ရက်နေ့မှာတော့ ပထဝီ၊ ၁၇ ရက်နေ့မှာတော့ သမိုင်းဘာသာရပ်နဲ့ ၁၈ ရက်နေ့မှာ စိတ်ကြိုက်မြန်မာစာတို့ ဖြေဆိုရမှာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လျှပ်စစ်မီး #တက္ကသိုလ်ဝင်တန်းစာမေးပွဲ #စီးပွါးရေးလုပ်ငန်း

Related posts

Leave a Comment

VOM News

FREE
VIEW