ဧရာဝတီတိုင်းက ဂဏန်းအရေပျော့လုပ်ငန်း ကန် တကြိမ်ဖော်ရင် ကျပ်(၁၀)သိန်းကျော်အရှုံးပေါ်နေ

ဖေဖော်ဝါရီ၊၂၇-၂၀၂၃
MM [ VOM ]

ဧရာဝတီတိုင်းက ဂဏန်းအရေပျော့မွေးမြူတဲ့ လုပ်ငန်းတွေမှာ(၁)ကြိမ်ကို ကျပ်(၁၀)သိန်းကျော် အရှုံးပေါ်နေတာကြောင့် အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဂဏန်းပျော့ မွေးမြူရေး လုပ်ငန်းရှင်တွေ ဆီကနေ သိရပါတယ်။

ဂဏန်းပျော့မွေးမြူတဲ့ လုပ်ငန်းတွေမှာ ဂဏန်းတွေကန် ပြင်ဆင်စရိတ်တွေ အရင်ထက် ကုန်ကျမှုများလာတာ၊ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ဂဏန်းအစာနဲ့ အခြားသွင်းအားစုတွေ အရင်ထက် ပိုမိုကုန်ကျလာတာ၊ ဂဏန်းကန်လုပ်သားတွေကို ပေးရတဲ့လုပ်သားခစရိတ်တွေ ကုန်ကျမှုအရင်ထက်များလာတာ၊ အရင်ကလို ပြည်ပဈေးကွက် ခိုင်ခိုင်မာမာမရှိတာ စတဲ့အခြေအနေတွေ ဖြစ်ပွားနေတာလို့ သိရပါတယ်။

အဲ့ဒီလို အခြေအနေ အခက်အခဲတွေကြောင့် ဂဏန်း မွေးမြူရေးလုပ်ငန်းတွေမှာ (၁)ကြိမ် ကန်ဖော်ရင် ငွေကျပ် (၁၀)သိန်းကျော်ကျော် အရှုံးပေါ်နေတဲ့အတွက် အခက်အခဲဖြစ်ပွားနေတာလို့ ဂဏန်းမွေးမြူရေးလုပ်ငန်းရှင် တယောက်ကပြောပါတယ်။

”အရင်က အရှုံးဆိုတာမရှိပါဘူး ၊ ဈေးအတက် အကျတော့ ရှိခဲ့တာပေါ့ ၊ အရှုံးခံပြီး ဘာလို့ လုပ်နေတာလည်းဆို အဆင်ပြေလာနိုး ပြေလာနိုးနဲ့ လုပ်နေတာ ၊ အဆင်က မပြေတဲ့အပြင်(၁)ကြိမ် ငွေ(၁၀)သိန်းလောက်အရှုံးပေါ်နေတယ်၊ အထွေထွေ မွေးမြူရေးကုန်ကျစရိတ်တွေက အဆမတန် ကုန်ကျနေတာ၊ ပြည်ပဈေးကွက်ကလည်း ပုံမှန်တင်ပို့ရတယ်လို့ ကိုမရှိဘူး ၊ ဥပမာဒီလ(၅)ကြိမ်ပို့ရင် နောက်လကျ(၁) ကြိမ်ဘဲပို့ရတော့တယ် ၊ ဒီတော့အရှုံးပဲ ပြနေတော့တာပေါ့ ၊တချို့ဆို ဒီလကုန်ရင် ရပ်ကြတော့ မယ်လို့ သိရတာ။”လို့ သူက VOMကိုဆက်ပြောပါတယ်။

အခုလို မွေးမြူရေး ကုန်ကျစရိတ်တွေများပြားနေတာဟာ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက်ပိုင်းမှ ဖြစ်ပွားလာတာဖြစ်ပြီး အကျပ်အတည်းတွေကြောင့် တရိပ်ရိပ်မြင့်တက်လာနေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ဂဏန်းအရေပျော့မွေးမြူရေးလုပ်ငန်းတွေ လုံးဝရပ်နားသွားပါက မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့နည်းတူ ဂဏန်းအရေပျော့မွေးမြူရေးလုပ်ငန်းကို မှီခိုနေရတဲ့ လုပ်သားတွေလည်း အလုပ်လက်မဲ့ဖြစ်ပွားဖို့ရှိတယ်လို့ မွေးမြူရေးပညာရှင်တယောက်ကပြောပါတယ်။

”မွေးမြူရေး လုပ်ငန်းရှင်တွေ အခုကျရောက်နေတဲ့ အခက်အခဲတွေက ကုန်ဈေးနှုန်းတွေ ထိုးတက်လာတာကြောင့်ပါ၊ ဒီအခက်အခဲက တဦးတယောက်တည်း ဖြေရှင်းလို့ မရပါဘူး၊ အခုလိုလုပ်ငန်းရှင်တွေ အဆင်မပြေရင် လုပ်သားတွေလည်း အဆင်မပြေပါဘူး ၊မွေးမြူရေးလုပ်ငန်းဟာ လုံးဝရပ်သွားရင်တော့ ပိုဆိုးတာပေါ့၊ အဆင်မပြေတာကလည်း တနေ့လည်း မဟုတ် တလလည်းမဟုတ်ဖူး ဖြစ်နေတာ၊ အဲ့ဒီတော့ လုပ်ငန်းရှင်တွေလည်း ရေရှည် ဘယ်တောင့်ခံနိုင်တော့မလည်း။”လို့ သူက VOM ကို ဆက်ပြောပါတယ်။

အဲ့ဒီ ဂဏန်းအရေပျော့တွေကို မွေးမြူရေးကန်တွေမှာ အလုပ်သမားတွေက စောင့်ကြည့်ပြီး ဂဏန်းပျော့အဖြစ် အရည်ခွံလဲချိန်မှာ ဆယ်ယူကာစနစ်တကျသန့်ဇင်ကာ လိုအပ်တဲ့ ပမာဏကို ထုတ်ပိုးတင်ပို့ရောင်းချခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂဏန်းအရေပျော့ မွေးမြူရေးလုပ်ငန်းမှာ ဂဏန်း မွေးမြူရေးကန်(၁)ကန်ကို လုပ်သား အနည်းဆုံး ၂၅ ယောက်အထိ ငှားရမ်းလုပ်ဆောင်ရပြီး လုပ်သားတယောက်ကို လစာငွေကျပ် ၁၄၀၀၀၀ ကနေ ၁၇၀၀၀၀ အထိပေးကာ လုပ်ကိုင်ရတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #ဂဏန်းအရေပျော့လုပ်ငန်း #အရှုံးပေါ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW