လက်ရှိ နိုင်ငံရေးနဲ့ ထိုင်း-မြန်မာ မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအခြေအနေ

မတ် ၁ – ၂၀၂၃
GG(VOM)

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွေထဲက မြဝတီကုန်သွယ်ရေးဇုန်က တနေ့ကို အမေရိကန်ဒေါ်လာ ၅ သန်းကနေ ၈ သန်းကြား ကုန်သွယ်မှု ရှိနေပေမယ့် လမ်းကြောင်းလုံခြုံရေးအခြေအနေမကောင်းပါက ချက်ခြင်းရပ်တန့်သွားနိုင်တယ်လို့ ကုန်သည်တဦးကပြောပါတယ်။

ပို့ကုန်တင်ပို့တဲ့လမ်းကြောင်း အန္တရာယ်ကင်းပါက ကုန်သွယ်မှုပိုအားကောင်းလာမှာဖြစ်ပြီး အကယ်၍ လမ်းခရီးအခြေအနေ စိတ်ချရမှုမရှိပါက နယ်စပ်လမ်းကြောင်းကိုရပ်တန့်ကာ ပင်လယ်ရေကြောင်းကတဆင့် ပြောင်းလဲတင်ပို့ခြင်းကို ပြန်လည်စဥ်းစားရတော့မှာဖြစ်တယ်လို့ ဆိုပါတယ် ။

“မြ၀တီဆိုရင် ခဏခဏ တံတားချိုးခံရတယ်၊ တွဲကားမီးရှို့ခံရ ခဏခဏ ဖြစ်တယ်။လမ်းကြောင်း အန္တရာယ်ကင်းနေသရွှေ့ ကောင်းနေမယ်။ကောင်းနေသ၍တော့ သွားနေတယ်။ အခုလည်း ကုန်ပို့သာနေရတယ် စိတ်ကတော့မအေးဘူးပေါ့။ဒီတော့ ကားတက်ပြီဆိုတာနဲ့ဘားအံရောက်ရင် မြဝတီကိုဖုန်းဆက်မေးရတယ် အခြေအနေကာင်းလားပေါ့ ကောင်းတယ်ဆိုရင်သွားပေါ့။တခါတလေ ကိုယ်သွားမှ ကံဆိုးပြီး လမ်းမှာ သေနတ်ပစ်တာနဲ့တိုးရင်တော့လည်း ခံရတာပဲ”လို့ မြဝတီနယ်စပ်ကနေ ထိုင်းကို ပြောင်းတင်ပို့နေတဲ့ ကုန်သည်တဦးကပြောပါတယ်။

မြဝတီမဲဆောက်ချစ်ကြည်ရေးအမှတ်၁တံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြန်ဖွင့်ခဲ့တာဖြစ်ပြီး လမ်းတလျှောက်မှာ နစက ဘက်က လုံခြုံရေးတွေ လုံခြုံရေး ရယူပေးတာမျိုးရှိပေမယ့် ခရီးလမ်းကြောင်းကရှည်တာကြောင့် အားလုံမခြုံငုံနိုင်သေးဘူးလို့ ကုန်သည်တွေကပြောပါတယ်။

လက်ရှိမှာတော့ ဘတ်စျေးကျလို့ ထိုင်းဘက်ကနေ ပြည်တွင်းကို ပစ္စည်းတင်သွင်းမှု ပိုများနေပြီး ကုန်သွယ်မှုအနေနဲ့က မြဝတီနယ်စပ်ကနေ တရက်ကို ကားအစီးရေ ၅၀၀ လောက်ကုန်သွယ်မှုရှိနေတယ်လို့ သိရပါတယ်။

” အဝင်အထွက်ကပုံမှန်ပဲ။ ၁လပိုင်းနောက်ပိုင်းမှာ လမ်းကြောင်းအခြေအနေကောင်းလာလို့ ကုန်စည်စီးဆင်းမှုကောင်းလာတယ်။ တရက်ကို ကားအစီးရေ ၅၀၀ ကုန်သွယ်မှုရှိတယ်၊သွင်းကုန်အနေနဲ့စားသောက်ကုန်တွေက တရက်ကို အမေရိကန်ဒေါ်လာ ၃သန်း ဖိုးလောက်တင်သွင်းမှုရှိတယ်၊ဆေးနဲ့ဆေးဝါး၊စိုက်ပျိုးရေးသုံးပစ္စည်း စက်နဲ့စက်ပစ္စည်း တွေလည်းတင်သွင်းတယ်”လို့ ကုန်သွယ်ရေးဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန်က ညွှန်ကြားရေးမှူး ဦးနန္ဒကပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးဖြစ်တဲ့ မြဝတီကုန်သွယ်ရေးဇုန်ဟာ ဘဏ္ဍာနှစ်တိုင်းမှာ အမေရိကန်ဒေါ်လာ သန်း၁၀၀၀ ကျော်အထိ ကုန်သွယ်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ (၈)လတာကာလမှာတော့ အမေရိကန် ၉၇ သန်းကျော်သာ ကုန်သွယ်နိုင်ခဲ့တယ်လို့ ကုန်သွယ်ရေးဦးစီးဌာန သတင်းအချက်လက်တွေအရ သိရပါတယ်။

လက်ရှိ ထိုင်းကနေ မြန်မာနိုင်ငံကို စိုက်ပျိုးသုံးပစ္စည်းတွေ ၊ ဆေးနဲ့ ဆေးဝါး ဆက်စပ်ပစ္စည်းတွေ၊CMP အထည်အလိပ်နဲ့ ဆက်စပ်ပစ္စည်းတွေ၊အိမ်ဆောက်ပစ္စည်းတွေ၊ အလှကုန်ပစ္စည်းတွေ ၊စားသောက်ကုန်ပစ္စည်းတွေ၊လျှပ်စစ်ပစ္စည်းတွေ စတာတွေကို တင်သွင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းကိုတော့ လယ်ယာထွက်ပစ္စည်းတွေဖြစ်တဲ့ ကြက်သွန်၊ပီလောပီနံ၊ရာဘာ၊ ရေထွက်ပစ္စည်း၊ ပဲ ၊​ပြောင်း၊ဆန်မှုန့်၊ ဂေါ်ဖီ စတာတွေကို တင်ပို့နေတာဖြစ်တယ်လို့သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ငွေပေးချေမှုကို အမေရိကန်ဒေါ်လာအပြင် ဘတ်ငွေလည်းတိုက်ရိုက်ပေးချေခွင့်ပြုထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထိုင်းမြန်မာနယ်စပ် #လက်ရှိနိုင်ငံရေး #ကုန်သွယ်လမ်းကြောင်း

Related posts

Leave a Comment

VOM News

FREE
VIEW