နေပြည်တော်မှာ ရုံးထုတ်ပြန်လာတဲ့ အချုပ်ကားပေါ်က အချုပ်သား ၉ ဦး ထွက်ပြေး၊ ၃ဦးကို ပြန်ဖမ်းမိ

မတ် ၊ ၂-၂၀၂၃
SP (VOM)

နေပြည်တော် ၊ တပ်ကုန်းမြို့နယ် ၊ ရှောက်ကုန်းကျေးရွာအနီး ၊ ရန်ကုန် – မန္တလေး ကားလမ်းဟောင်း ၊ မိုင်တိုင်အမှတ် ( ၂၄၆ / ၃ )နားမှာ မနေ့ မတ် ၁ ရက် ညနေပိုင်းက အချုပ်ကားပေါ်မှာပါလာတဲ့ အချုပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ နေပြည်တော် အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၄ ခွဲ ၊ ၅ လောက်မှာ နေပြည်တော် တရားရုံးတွေကနေ ရုံးထုတ်ပြီး ရမည်းသင်းထောင်ကို ပြန်လာတဲ့ အချုပ်ကား ဖြစ်တာပါ ၊ ဖြစ်စဥ်က အချုပ်ကား နောက်ခန်းထဲမှာ တာဝန်ကျတဲ့ ရဲနဲ့ အချုပ်သား ပြဿနာဖြစ်ကြတယ် ၊ အဲ့ဒီ အခါ အချုပ်ကား နောက်ခန်းကနေ ရှေ့ခန်းကို ဖုန်းဆက်ပြီး ကားရပ်ပေးဖို့ ပြောတယ် ၊ အဲ့ဒီအခါ ကားရပ်ပြီး နောက်ခန်းတံခါးကို ဖွင့်တဲ့အချိန် အချုပ်သား ၉ ဦး ထွက်ပြေးသွားတာဖြစ်တယ် ” လို့ နေပြည်တော် ရဲအသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တပ်ကုန်းမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” အချုပ်ကားထဲက အချုပ်တရားခံ နေဇော် (ခ) မာမွတ်နဲ့အဖွဲ့ဟာ လုံခြုံရေး လိုက်ပါလာသူရဲ့ သေနတ်ကို လုယူပြီး အချုပ်ကား တံခါးကို ဖွင့်ခိုင်းတယ် ၊ အဲ့ဒီအခါ ကားရပ်ပြီး အချုပ်ခန်း တံခါးကို ဖွင့်တဲ့အခါ ကားပေါ်ကနေ သေနတ်နဲ့ ၄ ချက်ပစ်ပြီး တရားခံတွေ ထွက်ပြေးတာဖြစ်တယ် ၊ အဲ့ဒီအချိန် ရဲအရာရှိက လုံးထွေး ဖမ်းတာကြောင့် သေနတ်ကိုင်ထားတဲ့ တရားခံတယောက်ကို ပြန်ဖမ်းမိတယ် ၊ ၉ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ် ၊ ရဲတပ်သားတယောက် ဒဏ်ရာရတယ် “လို့ပြောပါတယ်။

နေပြည်တော် ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ” အခင်းဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာ အချုပ်ကားပေါ်ကနေ ထွက်ပြေးသွားတဲ့ တရားခံ ၉ ဦးအနက် ၃ ဦးကို ဂွေးပင်ကျေးရွာနားမှာ ပြန်ဖမ်းမိတယ် ၊ အဲ့ဒီ ၃ ဦးတည်းက ၁ ဦးအသေနဲ့ ၂ ဦး အရှင် ဖမ်းမိတာဖြစ်ပြီး ကျန် ၆ ဦးကတော့ တောနင်းရှာဖွေနေဆဲဖြစ်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ တုန်းကလည်း မန္တလေးတိုင်း ၊ ကျောက်ဆည်ခရိုင်တရားရုံးကနေ ရုံးထုတ် အချုပ်ကားဟာ မန္တလေး မြစ်ငယ်တံတားနားမှာ အချုပ်သား နဲ့ လုံခြုံရေး ရဲ အလားတူ ပြဿနာတက်ပြီး အချုပ်သားတချို့ ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #နေပြည်တော် #အချုပ်သားထွက်ပြေးမှု

Related posts

Leave a Comment

VOM News

FREE
VIEW