ရွေးကောက်ပွဲနဲ့ ရခိုင် ရှေ့ရေး

မတ် ၃- ၂၀၂၃
SW(VOM)

ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ် ပါတယ်။ ယနေ့ကမ္ဘာမှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီဆိုတာဟာလည်း ရွေးကောက်ပွဲကနေ အခြေခံလာတာဖြစ်ပြီး လူထုရွေးချယ်မဲပေးမှုနဲ့ မိမိတို့အစိုးရ၊ နိုင်ငံ့အကြီးအကဲတွေကို ရွေးချယ်တင်မြောက်တဲ့အခါ တိကျထင်ရှားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံခေါင်းဆောင်၊ အုပ်ချုပ်သူ၊ သမ္မတကအစ လူထုကိုယ်စားလှယ် အလယ် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဆုံး လူအများရဲ့ သဘောဆန္ဒထောက်ခံမှုနဲ့ မဲပေးရွေးချယ်ရတာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ်အရ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံတွေမှာ အဓိကအချက်နှစ်ခုလိုအပ်ပြီး ပထမတချက်ကတော့ ဒီမိုကရေစီနိုင်ငံသားတွေဟာ မိမိတို့ရဲ့ တာဝန်ကို ပိုမိုသိတတ်ဖို့ဖြစ်ပြီးတော့ ဒုတိယတချက်ကတော့ လူထုရဲ့ကိုယ်စားလှယ်အဖြစ် တင်မြောက်ခံရသူတွေဟာ အမြော်အမြင်ဉာဏ်ပညာရှိဖို့ လိုပါတယ်။

ရွေးကောက်ပွဲအကြောင်းကို ပြောမယ်ဆိုရင် ဒီမိုကရေစီဆိုတာကိုလည်း အနည်းငယ်ထည့်သွင်းပြောဖို့လိုပြီး အဲဒီ ဒီမိုကရေစီစနစ်ရဲ့ ရည်မှန်းချက်ဟာလည်း လွတ်လပ်တဲ့ လူမျိုးတွေဟာ အများကောင်းကျိုးအတွက် မိမိတို့ရဲ့အခွင့်အရေးကို လွတ်လပ်စွာအသုံးချနိုင်ဖို့ ဖြစ်ပြီးတော့ မိမိအခွင့်အရေးအတွက် သူတပါးလွတ်လပ်ခွင့်ကို ပိတ်ပင်မပြုလုပ်ရဆိုတဲ့အချက်ကို နားလည်ထားဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံဟာလည်း ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းရေးအတွက် ရွေးကောက်ပွဲတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့တာကိုလည်း တွေ့နိုင်ပါတယ်။

မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲနဲ့ မဝေးကွာတဲ့နိုင်ငံတခုဖြစ်ပေမယ့် ရွေးကောက်ပွဲကျင်းပတိုင်း အငြင်းပွားဖွယ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ တိုင်းပြည်ဖြစ်ပါတယ်။

ပထမဆုံးရွေးကောက်ပွဲတွေကို ၁၉၉၀ ခုနှစ်က ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အနိုင်ရခဲ့တယ်လို့ သိရပြီး အဲဒီအချိန်က ရခိုင်ကိုယ်စားပြု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ပါတီဟာလည်း ရခိုင်ပြည်ထဲမှာ အနိုင်ရခဲ့ကြောင်း သိရပါတယ်။

အဲဒီတုန်းက ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခံခဲ့ရပြီး နိုင်ငံရေးပဋိပက္ခတွေဖြစ်ကာ ပါတီတွေကို ဖျက်သိမ်းခံရတဲ့အထိ ဖြစ်ခဲ့တယ်လို့ အဲဒီအချိန်တုန်းက ရွေးကောက်ပွဲဝင်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခြေအနေကို ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်းက ပြောပါတယ်။

ဒီမိုကရေစီဆိုတာဟာ နိုင်ငံရေးလွတ်လပ်မှုဖြစ်တာကြောင့် လွတ်လပ်မှုတွေထဲမှာ အဓိကဖြစ်တဲ့ သိနိုင်ခွင့်၊ ပြောနိုင်ခွင့်၊ ဝေဖန်နိုင်ခွင့်တို့မှာ ရွေးကောက်ပွဲဟာအရေးပါပါတယ်။

ယနေ့ ကမ္ဘာ့နိုင်ငံအများစုမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အငြင်းပွားတာတွေ့ရပေမယ့် အမေရိကန်လို ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုရှေ့ရောက်နေတဲ့နိုင်ငံတွေမှာ ပြေပြေလည်လည်ဖြေရှင်းနိုင်တဲ့အပြင် ပြည်သူကို ဦးစားပေးတဲ့သဘောတွေ့ရပေမယ့် မြန်မာနိုင်ငံမှာတော့ ပြည်သူ့ဆန္ဒဟာ ချောင်ထိုးခံထားရတယ်လို့ နိုင်ငံရေးအသိုင်းဝိုင်းက ရှုမြင်ကြပါတယ်။

အဲဒါကြောင့်လည်း လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်မငြိမ်မှုတွေနဲ့ ပဋိပက္ခတွေ ပိုမိုကြီးထားလာပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မဲမသမာမှုဆိုကာ ရွေးကောက်ပွဲရလဒ် ပြောင်းလဲခဲ့ပါတယ်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း နိုင်ငံရေးဖြစ်စဥ်တွေလည်း ပြောင်းလဲခဲ့ပါတယ်။

ဒီလိုမျိုး အခြေအနေမှာ နစကကောင်စီဟာ ရွေးကောက်ပွဲကျင်းပဖို့ အားယူနေပေမယ့် ရွေးကောက်ပွဲအပေါ် အထင်အမြင် အမျိုးမျိုးလည်း ထွက်ပေါ်နေပါတယ်။

ရခိုင်ပြည်နယ်မှာတော့ နစက ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲကို မလိုလားသူတွေရှိသလို ရွေးကောက်ပွဲကျင်းပသင့်တယ်လို့ ပြောသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်က ဒေသခံတဦးပြောတာက “ ကျနော်တို့နိုင်ငံမှာက ရွေးကောက်ပွဲခေတ်အဆက်ဆက်လုပ်လာတာမှာ တိုင်းရင်းသားအခွင့်ရေးတွေက ဘာမှမရှိခဲ့ဘူးဆိုတဲ့အတွက်ကြောင့် (၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတွေလုပ်ခဲ့ပေမယ့် အကျိုးအမြတ်မရှိတဲ့အတွက်ကြောင့်) နိုင်ငံရေးအရ ဘာမှအကျိုးအမြတ်မရှိတဲ့အတွက် ရခိုင်ပြည်သူတွေကတော့ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိဘူးဖြစ်နေတယ်။ရွေးကောက်ပွဲကျရင်တော့ မဲတော့ထည့်ကြမှာပဲ။ ဒါပေမယ့် မဲမထည့်တဲ့လူများမယ်ထင်တယ်။ ”လို့ ပြောပါတယ်။

ရွေးကောက်ပွဲအတွက် အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခွင့် ဥပဒေအရလည်း လက်ရှိမှာ နိုင်ငံရေးပါတီ (၁၃)ပါတီက ရွေးကောက်ပွဲဝင်ရောက်နိုင်ဖို့ မှတ်ပုံတင်ခွင့် လျှောက်ထားကြတယ်လို့ သိရပါတယ်။

အဲဒီအထဲမှာ နိုင်ငံရေးပါတီ (၄) ခုက အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားပြီး ရခိုင်အခြေစိုက် ရခိုင့်ဦးဆောင်ပါတီ(AFP)ပါတီအပါအဝင် ၉ ပါတီကတော့ ပုဒ်မ (၂၅) အရ မှတ်ပုံတင်ခွင့်လျှောက်ထားကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း အင်းအားကြီး ပါတီ (၃) ခုရှိတဲ့အနက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ကတော့ ပါတီမှတ်ပုံတင်ခွင့်လျှောက်သွားမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၂၅ ရက်နေ့က ဆုံးဖြတ်ခဲ့ပြီး ရခိုင့်ဦးဆောင်ပါတီ (AFP)ကတော့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားလိုက်တာ ဖြစ်ပါတယ်။

နောက်ထပ် အင်အားကြီးပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP)ကတော့ ပါတီမှတ်ပုံ ပြန်တင်ရေး၊ မတင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတရပ်လုပ်ဖို့ စဉ်းစားနေတယ်လို့ ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

“လောလောဆယ်တော့ ဘာမှပြောလို့မရသေးဘူး။ ပါတီမှာ ဆွေးနွေးဖို့ စဉ်းစားနေတုန်းပဲ ရှိပါသေးတယ်။ ရွေးကောက်ပွဲက ကာလုံကိုယ်တိုင် နိုင်ငံက သာမန်အခြေအနေမှာ မဟုတ်လို့ ဆုံးဖြတ်ထားတဲ့အတွက်ကြောင့် ရွေးကောက်ပွဲအပေါ်မှာတော့ လောလောဆယ်မျှော်လင့်လို့ မရသေးဘူးလို့ ပြောချင်ပါတယ်” လို့ ANP ပါတီ ဥက္ကဌ ဦးသာထွန်းလှက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောဆိုတာဖြစ်ပါတယ်။

ANP ပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပခွင့်ရတဲ့ မြို့နယ်တွေက မဲဆန္ဒနယ်အများစုမှာ အနိုင်ရထားတဲ့ပါတီတခုဖြစ်ပြီး လက်ရှိ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ပါဝင်ယှဉ်ပြိုင်ရေး၊ မပြိုင်ရေးနဲ့ ပတ်သက်ပြီး စဉ်းစားနေသေးတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တခြားအင်အားကြီးပါတီတခုဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီအနေနဲ့တော့ အသစ်ပြဌာန်းလိုက်တဲ့ ရွေးကောက်ပွဲဥပဒေအရ ပါတီမှတ်ပုံတင်သွားမှာ မဟုတ်ကြောင်း ဆုံးဖြတ်ချက်အပေါ် နောင်တရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ပါတီကို ဖျက်သိမ်းလို့ရှိရင်လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ အမြဲတမ်းပါတီဝင်တွေဟာ စည်းစည်းလုံးလုံးနဲ့ ပြည်သူအတွက်အကျိုးပြုလုပ်ငန်းတွေလုပ်လာတယ်။ အခုလည်း ပါတီကို ဖျက်သိမ်းမယ်ဆိုရင် ပါတီအဖွဲ့ဝင်တွေအနေနဲ့ လုံးဝစိုးရိမ်ကြောင့်ကြမှုမရှိဘဲ ရှေ့ဆက်ပြီးတော့ ပြည်သူ့အကျိုးအတွက် ဆောင်ရွက်သွားမယ်လို့ အားလုံးက ဆုံးဖြတ်ထားတာရှိပါတယ်။”လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်းက ပြောပါတယ်။

ဒီလိုမျိုး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ခွင့် မလျှောက်ထားဖို့ ဆုံးဖြတ်ချက်ကို မြို့နယ် (၁၀) မြို့နယ်က ပါတီဝင် (၃၁) ဦးက ကျောက်ဖြူမြို့မှာ ကျင်းပတဲ့ ပါတီမျက်နှာစုံညီအစည်းအဝေးမှာ ချမှတ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

အစည်းအဝေးကျင်းပရတာကလည်း လာမယ့် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ ဝင်ရောက်၊ မဝင်ရောက်၊ ပါတီ မှတ်ပုံတင်ဖို့၊ မတင်ဖို့ မြို့နယ်တွေက ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်(CEC)တွေ သဘောထားကို နေပြီးတော့ ရယူချင်တဲ့အတွက် လုပ်ရတာဖြစ်ကြောင်း ပြောပါတယ်။

“အစည်းအဝေးဆုံးဖြတ်ချက်ကတော့ အခု နစကကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှုမရှိ၊ ဝင်ရောက်ယှဉ်ပြိုင်မယ့်ဟာကို သဘောမတူ၊ နောက်ပြီး ထပ်ပြီးတော့ မှတ်ပုံတင်မယ့်ဟာကိုလည်း မှတ်ပုံတင်လိုခြင်းမရှိဆိုပြီး (၁၀)မြို့နယ်က ရောက်လာတဲ့အဖွဲ့ဝင်တွေက တညီတညွတ်တည်း သဘောထားမှတ်ချက်ပေးတာကို တွေ့ရပါတယ်။” လို့ ALD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်းက ပြောပါတယ်။

အဲဒီလို ဆုံးဖြတ်ချက်ချတဲ့အခါမှာ ပါတီမှတ်ပုံပြန်တင်ဖို့ အဆိုပြုသူမရှိဘဲ အားလုံးက မှတ်ပုံမတင်ဖို့ ဆုံးဖြတ်တာပဲရှိတယ်လို့ သူကဆက်ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀)ကျော် ၁၉၉၀ ခုနှစ်ကတည်းက ဖွဲ့စည်းလာတဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုဖြစ်ပြီး အဲဒီကာလတုန်းကရွေးကောက်ပွဲမှာ အမတ် နေရာ (၁၁)နေရာအထိ အနိုင်ရခဲ့ကာ မြန်မာတနိုင်ငံလုံးမှာလည်း တတိယအများဆုံးအနိုင်ရပါတီ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီအချိန်က ရွေးကောက်ပွဲအနိုင်ရပေမယ့် ပြည်သူအတွက် ဘာမှလုပ်ဆောင်နိုင်စွမ်းမရှိခဲ့ဘဲ ၁၉၉၂ ခုနှစ်မှာ နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခံခဲ့ရတာကြောင့် ရလဒ်ဟာလည်း သဲထဲရေသွန်ဖြစ်ခဲ့ရကြောင်း ပြောပြပါတယ်။

“ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ အခုအချိန်ထိ (၃၃)နှစ် တိုင်တိုင် နိုင်ငံရေးပါတီအဖြစ်ရပ်တည်လာခဲ့တာဖြစ်ပါတယ်။ အဲဒီကြားကာလတွေမှာတော့ အကြောင်းအမျိုးမျိုးကြောင့် မသမာသူလူတချို့ရဲ့ နှောင့်ယှက်မှုတွေရှိခဲ့ပေမယ့် လုံးဝစိတ်ဓာတ်မကျဘဲ ပါတီဝင်တွေက ငါတို့ ရှေ့ကို ပြည်သူအတွက်ဘာဆက်လုပ်မလဲ။ တကယ်လို့ ပါတီကို ဖျက်သိမ်းမယ်ဆိုရင်လည်း ဘာလုပ်ကြမလဲဆိုတာကို ဆွေးနွေးကြတဲ့အခါ ပြည်သူတွေအတွက် အကျိုးပြုလုပ်ငန်းတွေ လိုလားချက်၊ တောင်းဆိုချက်တွေ၊ နစ်နာချက်တွေကို ဦးတည်ပြီးဆောင်းရွက်သွားမယ်လို့ ဆုံးဖြတ်ကြပါတယ်” လို့ ပြောပါတယ်။

လတ်တလော ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ စစ်ရေး၊ နိုင်ငံရေးပဋိပက္ခတွေကြား ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေး အနာဂတ်၊ ရှေ့အလားအလာနဲ့ ပတ်သက်ပြီး အမြင်တွေလည်း မတူကြဘူးလို့လည်း သိရပါတယ်။

ရခိုင်ပြည်သူလူထုအနေနဲ့လည်း ပါတီနိုင်ငံရေးကို စိတ်ဝင်စားမှုလျော့နည်းနေပြီး နိုင်ငံရေးပါတီတွေအပေါ် ယုံကြည်အားကိုးမှုပိုင်းမှာလည်း အားရစရာမရှိတာကိုတွေ့လာရပါတယ်။

ကျောက်ဖြူမြို့နယ်၊ ဒေသခံတဦးဖြစ်တဲ့ ဦးကျော်မောင်သန်းက “ ပါတီနိုင်ငံရေးကိုကြည့်ရင် မြန်မာနိုင်ငံမှာ အပြောင်းအလဲလုပ်ဖို့ အားယူလာကြတဲ့ ပါတီနိုင်ငံရေးသမားတွေကလည်း ရှေ့ကိုမရောက်နိုင်ဖြစ်လာတယ်။ နောက်တန်းကို ရောက်လာတယ်။ ပါတီနိုင်ငံရေးသမားတချို့ကလည်း နိုင်ငံရေးကို စီးပွားရေးဆန်ဆန် ကစားသွားကြတယ်။ ဒါကြောင့် ပြည်သူတွေနဲ့ ပါတီနိုင်ငံရေးကို နားလည်သူတွေက သိပ်စိတ်ဝင်စားမှုမရှိဘူး။ ယင်းကြောင့် ဘယ်ပါတီက ဘယ်လိုဘဲမဲဆွယ်၊ မဲဆွယ် လျစ်လျူရှုသွားမယ့်အနေအထားကို တွေ့ရတယ်။” လို့ ပြောပါတယ်။

ဒီမိုကရေစီ ရွေးကောက်ပွဲဆိုတဲ့အပေါ် လေ့လာကြည့်လိုက်မယ်ဆိုရင်လည်း အရင် ဦးသန်းရွှေလက်ထက်နဲ့ အဲ့ဒီနောက်ပိုင်း NLD အစိုးရလက်ထက်နဲ့ ယှဉ်ပြီးတော့ “အရင် ဦးသန်းရွှေအစိုးရလက်ထက်တုန်းကဆိုရင် ပြည်သူလူထုက အကျပ်အတည်းနဲ့ ဒုက္ခတွေ ခံခဲ့ရတယ်။ အခု ဒီမိုကရေစီအစိုးရ တက်လာတဲ့အခါ အခွင့်အလမ်းတွေ ပေးလာတယ်။ ဟိုခေတ်တုန်းကဆိုရင် ဖုန်းတလုံးကိုင်ဖို့ဆိုတာမလွယ်ဘူး။ အခုခေတ်မှာတော့ ဆင်းကဒ် ၁၅၀၀ တန် တကဒ်ဆိုရင် ဖုန်းပြောနိုင်တဲ့အနေအထားမှာ ရှိလာခဲ့တယ်။ ဒါပေမယ့် အဲဒီလောက်နဲ့ တိုင်းရင်းသားအခွင့်အရေးတွေ ရပ်တန့်ရမယ့်အခြေအနေမျိုးမှာ မရှိဘူးလေ။ တိုင်းရင်းသားအခွင့်အရေးတွေက နစ်နာဆုံးရှုံးနေဆဲဖြစ်တဲ့အတွက် တော်လှန်ရေးဟာလည်း ပေါ်ပေါက်လာတာလို့မြင်ပါတယ်။”လို့ ဦးကျော်မောင်သန်းက ပြောပါတယ်။

ဒီမိုကရေစီနိုင်ငံတခုမှာ ရွေးကောက်ပွဲအရ ပါတီနိုင်ငံရေးဟာ အရေးပါပေမယ့် လက်ရှိ ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ စစ်ရေး၊ နိုင်ငံရေးပဋိပက္ခတွေအပြင် စစ်ဘောင်ကျယ်လာတဲ့အတွက် ပါတီနိုင်ငံရေးပိုင်းမှာ ရခိုင်ပြည်သူတွေရဲ့ စိတ်ဝင်စားမှုဟာ နည်းပါးလာတာတွေ့ရပါတယ်။

မိမိတို့ရဲ့ လိုလားချက်ကို မိမိတို့ကိုယ်တိုင် ဖမ်းတီးမှ ရနိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာလည်း ရခိုင်ပြည်သူတွေရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးတဲ့အချက်ဖြစ်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီကတော့ ရခိုင်ပြည်နိုင်ငံရေးရှေ့အလားအလာဟာ အေအေရဲ့ ရက္ခိတလမ်းစဉ်အပေါ် မူတည်နေတယ်လို့ ပြောပါတယ်။

“အခုလက်ရှိအခြေအနေမှာ ရခိုင်ပြည်သူလူထုက ပါတီနိုင်ငံရေးကို စိတ်မဝင်စားဘူးဖြစ်နေတယ်။ ပါတီတွေက ကလိမ်ကကျစ်လူတွေ ဦးဆောင်နေသူတွေများတဲ့အခါ ပါတီကိုစိတ်မဝင်စားဘူးဖြစ်နေတယ်။ အခု လက်ရှိ ULA/ AA ကဦးဆောင်နေတဲ့အခါ ပြည်သူတွေကလည်း အေအေကိုပဲ အားကိုနေတာဖြစ်ပါတယ်။ ရခိုင်ပြည်နိုင်ငံရေးအနေအထားကို ပြောရမယ်ဆိုရင်လည်း တနေ့မဟုတ်၊ တနေ့ အေအေရဲ့ ရက္ခိတလမ်းစဉ်ကို ရောက်လာလိမ့်မယ်လို့ ယူဆတယ်။ ရခိုင်ပြည်နိုင်ငံရေးအခြေအနေကတော့ အဲဒီအတိုင်းပဲ ရှိပါတယ်။” လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီက ပြောပါတယ်။

ဆက်လက်ပြီး ရခိုင်ပြည်သူတွေရဲ့ လိုလားချက်ဟာ ဖက်ဒရယ်မဟုတ်ကြောင်းနဲ့ ၁၉၉၀ ခုနှစ်ကတည်းက ဖက်ဒရယ်ပုံစံမျိုးလုပ်လာတာ ဒီနေ့အချိန်ထိလည်း နှစ်ပေါင်း (၃၀)ကျော်ကာလအတွင်း ဖက်ဒရယ်ကိုလည်း ပြောခွင့်မရခဲ့ဘဲ အခုအချိန်မှာမှ ဖက်ဒရယ်ပုံစံပြောလို့ရလာတဲ့သဘောရှိတာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ ဖက်ဒရယ်ကို လုံးဝမျှော်လင့်ချက်မရှိကြောင်း ဦးမြတ်ထွန်းက ပြောပါတယ်။

“ရခိုင်ပြည်နိုင်ငံရေးမျှော်လင့်ချက်ကတော့ အားလုံးသူ လွတ်လပ်ရေးပေါ့။ ပြည်သူတိုင်း ပြည်သူတိုင်းဟာ လွတ်လပ်ရေးကိုပဲ မျှော်ကိုးတယ်။ လွတ်လပ်ရေးကိုပဲ ဖြစ်လာနိုင်တယ်လို့ ယူဆတယ်။ အနာဂတ်မှာ ရခိုင်ပြည်ဟာ လွတ်လပ်တဲ့ သမ္မတနိုင်ငံတခုဖြစ်လာဖို့ မျှော်လင့်တယ်။ ဖြစ်လာတာကို မြင်ချင်တယ်။” လို့ ဦးမြတ်ထွန်းက သူ့ရဲ့အမြင်ကို ပြောပါတယ်။

ရခိုင်ပြည်နိုင်ငံရေး ဘယ်လိုဆင်းသက်လာသလဲဆိုတာ နောက်ပြန်လှန်ကြည့်လိုက်ရင်လည်း ရခိုင်ပြည်ဟာ ရှေးယခင်ကတည်းက ကိုယ့်ထီးကိုယ်နန်းနဲ့ နေလာခဲ့တဲ့ လွတ်လပ်တဲ့ တိုင်းပြည်တခုဖြစ်ခဲ့ပါတယ်။

အဲဒါကြောင့် ရခိုင်ပြည်သူတွေဟာ ကိုယ့်ကံကြမာကိုယ်ဖန်တီးနိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလိုလားနေကြပြီး အနီးစပ်ဆုံးအနေနဲ့ မြန်မာနိုင်ငံအရှေ့ဘက် တရုတ်နိုင်ငံနယ်စပ်က ဝပြည်နယ်လိုမျိုး အုပ်ချုပ်ရေး၊ နိုင်ငံရေးစနစ်ကို လိုလားကြောင်း ပြည်သူတွေက ပြောပါတယ်။

ဆက်လက်ပြီး ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ “ဝ” လိုမျိုး လူမျိုးစုတခုက အခုလိုမျိုး နိုင်ငံရေးအခွင့်အရေးတွေရနေချိန် ကျန်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့လူမျိုးတွေဟာ ကိုယ်ပိုင်းပြဌာန်းပိုင်ခွင့်မရှိတဲ့ အခြေအနေဟာလည်း မဖြစ်သင့်ကြောင်း ရှုမြင်ကြပါတယ်။

ရခိုင်ပြည်သူတဦးက “ရှမ်းပြည်က “ဝ” ဟာ လူမျိုးကြီးထဲမှာတောင်မပါဘဲ မျိုးနွယ်စုထဲမှာပါတဲ့ လူမျိုးတခုက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသွားတယ်။ ကိုယ်ပိုင်အုပ်ချုပ်မှု၊ ကိုယ်ပိုင်ထီးနန်းတွေနဲ့ နေလာတဲ့ ကျနော်တို့ ရခိုင်တွေကျတော့ ကိုပိုင်အုပ်ချုပ်ခွင့်မရပဲ တနည်းအားဖြင့် လူပြိန်းနည်းနဲ့ပြောရရင်‘အငယ်ဆုံးမှာ ပေါက်လာတဲ့မြေးကို သားသမီးတွေကိုမပေးဘဲ မြေးကို အမွေပေးလိုက်တာနဲ့ တူနေတယ်’ မြန်မာနိုင်ငံမှာက အဲ့ဒီလိုဖြစ်နေတယ်။” လို့ ပြောပါတယ်။

ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ဆိုတာဟာ အာဏာသုံးရပ်ကို ဖန်တီးနိုင်တဲ့ ရခိုင်ပြည်ဖြစ်ပေါ်ချင်ကြောင်း ရခိုင်အရပ်ဘက်ခေါင်းဆောင်တဦးဖြစ်တဲ့ ဝံလက်ဒေသဖောင်းဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောပါတယ်။

“ကျနော့်တယောက်တည်းရဲ့ မျှော်လင့်ချက်ဆိုရင်တော့ အနာဂတ်မှာ ရခိုင်ပြည်ဟာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီခွင့်ပေါ့။ အဲဒါကလည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ဥပဒေပြုရေး ဆိုတဲ့ အာဏာသုံးရပ်ကို ပြည်သူက ဆင်းသက်တဲ့ အစိုးရတရပ် ဖြစ်စေချင်တယ်။ ဒါက ဖက်ဒရယ်ဒီမိုကရေစီစနစ်သဘာဝ သယံဇာတခွဲဝေတဲ့ အပိုင်းတွေလည်း ပါမှာပေါ့။ အဲဒါတွေကို ခြုံငုံပြောရရင်တော့ အာဏာသုံးရပ်ကို ဖန်တီးနိုင်တဲ့ ရခိုင်ပြည်နယ် ဖြစ်ပေါ်ချင်တာပေါ့” လို့ ဦးခိုင်ကောင်းစံက ပြောပါတယ်။

ဒီဘက်ခေတ်ကိုကြည့်လိုက်ရင်တော့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကစပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတလျှောက်မှာ ရခိုင်ပြည်ဟာ လူမျိုးရေးပဋိပက္ခတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့အပြင် ၂၀၁၅ ခုနှစ်ကစပြီး ပြည်တွင်းစစ်ရေးပဋိပက္ခကြောင့် ဒေသတည်ငြိမ်မှု ပျက်ပြားခဲ့သလို ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေဟာလည်း ထင်သလောက်ခရီးမပေါက်ခဲ့ပါဘူး။

ဒီဘက်ခေတ်ရွေးကောက်ပွဲတွေကို ကြည့်မယ်ဆိုရင်တော့ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုပြီး သုံးကြိမ်ရှိခဲ့ကာ ဒီမိုကရေစီအသွင်ကူးပြောင်းစ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က အနိုင်ရပြီး အစိုးရဖွဲ့ခွင့်ရခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲမှာတော့ NLD ပါတီက အနိုင်ရကာ အစိုးရဖွဲ့ခွင့် ရခဲ့ပါတယ်။

အဲဒီလို ရွေးကောက်ပွဲတွေမှာ ရခိုင်ပြည်နယ်အတိုင်းအတာနဲ့ မဲဆန္ဒနယ်အများစုအနိုင်ရတဲ့ ရခိုင်အမျိုးသားပါတီ(ANP) ဟာ ပြည်နယ်အစိုးရဖွဲ့ခွင့်မရဘဲ ၂၀၀၈ ဖွဲ့စည်းပုံအရ ရခိုင်ပြည်နယ်အစိုးရဖွဲ့ အကြီးအကဲဖြစ်တဲ့ ဝန်ကြီးချုပ်ကို ပြည်ထောင်စုက တိုက်ရိုက်ခန့်အပ်တဲ့အပေါ် ရခိုင်ပြည်သူတွေဟာ သဘောမတွေ့ပါဘူး။

အဲဒီလို ရသင့်ရထိုက်တဲ့ နိုင်ငံရေးအခွင့်အရေးတွေကို မရတာကြောင့် ရခိုင်ပြည်သူတွေဟာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုလျော့နည်းလာပြီး ပါတီနိုင်ငံရေးကိုလည်း သံသယရှိလာတဲ့အပြင် ရွေးကောက်ပွဲအပေါ်ယုံကြည်မှုဟာလည်း အဆုံးစွန်ထိ ယုတ်လျော့လာတာကို ပြည်သူတွေနဲ့ ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက နားလည်ထားကြတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည်နှစ် နိုဝင်ဘာရွေးကောက်ပွဲမှာလည်း ရခိုင်မြောက်ပိုင်းမြို့နယ်တွေက မဲဆန္ဒနယ်အများစုကို နယ်မြေမတည်ငြိမ်မှုကို အကြောင်းပြပြီး ရွေးကောက်ပွဲမကျင်းပခဲ့ပေမယ့် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားတဲ့ ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပတာ စတဲ့ ခွဲခြားတဲ့လုပ်ရပ်တွေကြောင့်လည်း ရွေးကောက်ပွဲကို ရခိုင်ပြည်သူတွေကြား ယုံကြည်မှုနည်းပါးစေတဲ့ အချက်တွေဖြစ်ပါတယ်။

အဲဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရေးကတိကဝတ်တွေကို ပေးပြီးရင်တည်ဖို့လိုသလို ခေတ်အဆက်ဆက် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးကို အာရုံစိုက်လုပ်ဆောင်ဖို့လိုအပ်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

လက်ရှိရခိုင်ပြည်နယ်ဟာ အချိန်မရွေးစစ်ရေးပဋိပက္ခတွေနဲ့ ကြုံတွေ့နိုင်တဲ့ အနေအထားမျိုးရှိနေပြီး တကယ်လို့ တကျော့ပြန်စစ်ရေးပဋိပက္ခတွေဖြစ်လာရင်လည်း ပြီးခဲ့တဲ့ ၂၀၁၈၊ ၂၀၁၉ ကလိုမျိုး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဆုံးထပ်ပြီး ဆုံးရှုံးရနိုင်တဲ့ အခြေအနေကို ဘယ်သူမှမမြင်လိုကြပါဘူး။

နစကောင်စီအနေနဲ့ ရခိုင်ပြည်နယ်မှာ ဘယ်မြို့နယ်မှ မကျန်အောင် ရွေးကောက်ပွဲလုပ်နိုင်အောင်ပြုလုပ်မှာဖြစ်ကြောင်း ပြည်ထောင်စုကနေ မူဝါဒချမှတ်ထားတာရှိတယ်လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောပါတယ်။

“ငါတို့သိတာကတော့ ရွေးကောက်ပွဲလုပ်မယ်။ ရခိုင်ပြည်နယ်မှာ ဘယ်မြို့နယ်၊ ဘယ်မြို့နယ်ဆိုတာ မကျန်အောင်လုပ်မယ် ဆိုတဲ့ မူဝါဒအားဖြင့် အဲဒီလိုရှိတယ်လို့တော့သိတယ်။ ရခိုင်ပြည်မှာ ဟိုး ၂၀၁၉ တုန်းကလို မြောက်ပိုင်းမှာ မြို့နယ် (၉) မြို့နယ်ကျန်ခဲ့တာရှိတယ်။ လာမယ့်ရွေးကောက်ပွဲမှာ အဲ့ဒီလိုမကျန်စေရဘူးဆိုတဲ့ ပြည်ထောင်စုကတော့ အဲ့ဒီလို မူဝါဒချထားတာရှိတယ်။” လို့ ဦးလှသိန်းကပြောပါတယ်။

ဆက်လက်ပြီး ရွေးကောက်ပွဲကို ဘယ်အချိန် ဘယ်ကာလမှာ ကျင်းပမယ်ဆိုတာ ပြောဖို့စောသေးကြောင့်နဲ့ တကယ်လို့ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် အနည်းဆုံး (၆) လ ကြိုတင်ပြီး ကြေညာမယ့် သဘောရှိပြီး အဲဒီလို ရွေးကောက်ပွဲအတွက်လည်း ရခိုင်ပြည်နယ်မှာ လဝကဝန်ကြီးဌာနက လူဦးရေ စာရင်းတွေကောက်ခံနေတယ်လို့ သူက ပြောပါတယ်။

“လူဦးရေစာရင်း ကောက်နေတာတော့သိတယ်။ အဲဒါက လဝက ဝန်ကြီးလုပ်နေတာ။ ဆိုတော့ သူတို့မှာ သတ်မှတ်တဲ့ရက်ရှိတယ်။ လောလောဆယ်ဘယ်လောက် ကောက်ပြီးနေပြီလဲဆိုတာတော့ မသိရသေးဘူး။ အကုန်ကောက်ပြီးသွားပြီလားဆိုတာလည်း မသိသေးဘူး။” လို့ ဦးလှသိန်းကပြောပါတယ်။

နစက ကောင်စီက ရွေးကောက်ပွဲကျင်းပမယ့် အပေါ် ရခိုင်အင်အားကြီးပါတီ (၃) ခုကြား အမြင်မတူကြပါဘူးလို့ သိရပါတယ်။

ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP)က နစကကောင်စီက ရွေးကောက်ပွဲကျင်းပမယ့်အပေါ် အပြုသဘောဆောင်တဲ့ အမြင်ရှိနေပြီး ကျန်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ကတော့ နစကကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံတာမရှိသလို ရွေးကောက်ပွဲဝင်မှာမဟုတ်ကြောင်းလည်း အတိအလင်းပြောထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းကျင်းပခွင့်ရတဲ့ မဲဆန္ဒနယ်အများစုမှာ အနိုင်ရခဲ့တဲ့ ရခိုင်အမျိုးသားပါတီ(ANP)ကတော့ နစကကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲအပေါ် တိကျတဲ့ ဆုံးဖြတ်ချက်မျိုး ထွက်လာဖို့ ကြိုးစားနေကြဆဲဖြစ်ကြောင်း သိရပါတယ်။

ရွေးကောက်ပွဲအပေါ် ရခိုင်လူထုရဲ့အမြင်ကိုကြည့်တဲ့အခါ အရင်က ပါတီနိုင်ငံရေးကို အင်တိုက်အားတိုက်နဲ့ စိတ်ဝင်စားလာခဲ့ကြတဲ့ ရခိုင်ပြည်သူတွေရဲ့ကြားမှာ အခုတော့ “ပါတီတွေ အလိုမရှိ” ဆိုတဲ့အထိ လူမှုကွန်ရက်တွေပေါ်မှာ ထင်မြင်ချက်တွေကို ရေးသားကြတာမျိုးလည်း တွေ့ရပြီး ဒီလိုရေးသားမှုမျိုးဟာ လျော်ညီမှုမရှိကြောင်း ထောက်ပြသူတွေလည်းရှိပါတယ်။

ရခိုင်ပြည်သူတွေအနေနဲ့လည်း ကိုယ်ရှိနေတဲ့ နေရာ ကိုယ့်ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံရေးအမြင်ကျယ်ဖို့လိုအပ်ကြောင်းလည်း ဝံလက်ဒေသဖောင်ဒေရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောပါတယ်။

သူပြောတာက “ပြည်သူတွေကတော့ ကျနော်တို့ပြောရင်လည်းသိပ်နားထောင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်တို့က နိုင်ငံရေးပါတီမဟုတ်ဘူးလေ။ ဒါပေမယ့် ပြည်သူတွေအနေနဲ့ နားမျက်စိဖွင့်ဖို့လိုတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အရပဲပြောပြော ကိုယ်ရှိနေတဲ့ ကိုယ့်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ ပြောချင်တယ်” လို့ ပြောပါတယ်။

ဒီလိုမျိုးဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာ နစကကောင်စီက ရွေးကောက်ပွဲကို ဘယ်လိုဘယ်ပုံကျင်းပသွားမလဲဆိုတဲ့အပေါ် ပညာရှင်တွေက စောင့်ကြည့်နေကြပါတယ်။

တကယ်လို့ ရွေးကောက်ပွဲသာ ကျင်းပမယ်ဆိုရင် အကျိုးသက်ရောက်မှုတွေက ဘယ်လိုရှိမလဲဆိုတဲ့ အပေါ်လည်း ပြည်သူတွေကြား အမေးများတဲ့ မေးခွန်းဖြစ်နေပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေဟာ ရခိုင်ပြည်နယ်အပေါ် ရိုက်ခတ်မှုကြီးကြီးမားမားရှိပြီး ရန်ကုန်- စစ်တွေ အဝေးပြေးကားလမ်းတလျှောက် တည်ငြိမ်ရေးနဲ့ ပြည်သူတွေ လွတ်လပ်စွာသွားလာနိုင်ရေးဟာလည်း အရေးပါနေသလို ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေအပေါ် များစွာထိခိုက်မှုရှိတယ်လို့လည်း ပြောကြပါတယ်။

“လောလောဆယ်မှာတော့ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံအထဲက ပြည်နယ်တခုဖြစ်တာပေါ့။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဒီနိုင်ငံရေးသာမဟုတ်ဘူး။ ကမ္ဘာ့ စီးပွားရေး၊ ပထဝီနိုင်ငံရေး၊ စစ်ရေးတွေနဲ့လည်း ဆက်စပ်နေတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့ အခြေအနေကလည်း လက်ရှိဖြစ်နေတဲ့ မြန်မာ့နိုင်ငံ့ရေးအပေါ်မှာ အမှီသဟဲပြုနေတယ်လို့ မြင်တာပေါ့” လို့ ဦးခိုင်ကောင်းစံက ပြောပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေတွေဟာ ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးကြုံတွေ့နေကြရပြီး ဒီကာလဟာ ဘယ်အချိန်အထိ တာရှည်အုံးမလဲဆိုတဲ့အပေါ်လည်း မေးခွန်းထုတ်နေကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း အရင် ၂၀၁၀ ပြည်နှစ် ဦးသိန်းစိန်အစိုးရလက်ထက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတဦးက နိုင်ငံရေးသမားတွေအနေနဲ့ နိုင်ငံရေး ဂုဏ်သိက္ခာရှိဖို့လိုပြီး ပြည်သူတွေအတွက် အနစ်နာခံဖို့ လိုအပ်ကြောင်း ထောက်ပြပါတယ်။

သူပြောတာက “ နိုင်ငံရေးနဲ့သွားတဲ့အခါ အမြော်အမြင်ရှိရမယ်။ သည်းခံမှုရှိရပါမယ်။ ရခိုင်မှာ ပြည်သူတွေ နိုင်ငံရေးစိတ်မဝင်စားဘူးပြောကြတယ်။ ပြောရမယ်ဆိုရင် ဖြစ်တဲ့အမတ်ဟူသမျှက ကန်ထရိုက်လုပ်ဖို့ပဲ စဉ်စားတယ်။ ဒါကြောင့် နိုင်ငံရေးကို တကယ်တမ်းလုပ်မယ်ဆိုရင် လုပ်တဲ့လူက ရခိုင်ပြည်သူပြည်သားအတွက် နိုင်ငံရေးလုပ်တယ်ဆိုရင် ပြည်သူအတွက် အနစ်နာခံရမယ်။ ရောက်သွားတဲ့ ရာထူးတခုမှာ ဂုဏ်သိက္ခာကိုပဲယူရမယ်။ အိမ်ခြံဝယ်တာတွေ၊ တိုက်ခန်းဝယ်တာတို့ လုပ်လို့မရဘူး။ အဲဒါ နိုင်ငံရေးဂုဏ်သိက္ခာပဲ၊ တိုင်းပြည်တပြည်ကို ရှေ့ကိုတိုးတက်အောင်လုပ်မယ်။ ပြည်သူတွေကောင်းရာကောင်းကျိုးလုပ်မယ်ဆိုလို့ရှိရင် နိုင်ငံရေးနည်းနဲ့ ပဲသွားရပါမယ်။ နိုင်ငံရေးနည်းနဲ့ သွားမယ်ဆိုတာကလည်း စစ်တပ်ကိုမလိုလားဘူးလို့ ပြောတာမဟုတ်ဘူး။ သူတို့က စစ်သားကစစ်သားပဲ ဒါပေမယ့် သွားတဲ့အခါတော့ နိုင်ငံရေးနည်းနဲ့ သွားရတယ်။ဒီတိုင်းပြည်မှာ စစ်သားအုပ်ချုပ်လို့ တိုင်းပြည်မတိုးတက်လို့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေက ပြောကြတယ်။ ဒါဆိုရင် စစ်သားမအုပ်ချုပ်အောင်ဘယ်လိုလုပ်မလဲ။ တိုက်မယ်… တိုက်ရင်တော့ တိုင်းပြည်ညက်ညက်ကြေမှာပဲ။ အခုလက်ရှိကိုပဲကြည့်ပါ။ ဒီလိုတိုက်တာက ဘယ်သူတွေအတွက်ကောင်းလဲ”လို့ မေးခွန်းထုတ်ပြီး ထောက်ပြ ပြောဆိုပါတယ်။

ဆက်လက်ပြီး “ အခုက အေအေပေါ်လာတယ်။ အေအေပေါ်လာတယ်ဆိုတာကလည်း မင်းတို့တောက်လျှောက်အုပ်ချုပ်တယ်။ ရခိုင်ကိုဖွံ့ဖြိုးအောင်မလုပ်နိုင်ဘူး။ မလုပ်နိုင်တဲ့အခါ လူတယောက်ကတက်လာပြီးတော့ ဒီလိုနည်းနဲ့မှရမယ်ဆိုပြီး ပြောတဲ့အခါ လူငယ်တွေက ဟုတ်မှန်းမသိ၊ မဟုတ်မှန်းမသိ ပါသွားကြတယ်။ပါသွားတဲ့အခါ နိုင်ငံတော်အတွက် လုပ်ချင်တဲ့စီမံချက်တွေကိုလည်း မလုပ်နိုင်ဘူး။ အခု တောထဲကိုရောက်သွားတယ်ဆိုရင် လူငယ်တွေရဲ့ အနာဂတ်က ဘာရှိလဲ။ ဒါတွေကို နိုင်ငံရေးသမားတွေက ပြောရမယ်။ရခိုင်ပြည်နယ်မှာ အစိုးရလုပ်ပိုင်ခွင့်နည်းနေတယ်ဆိုရင် ဒီထက်လုပ်ပိုင်ခွင့်ပေးရမယ်။ နိုင်ငံရေးဆိုတာက လက်သီးနဲ့လည်း ထိုးစရာမလို ဓားနဲ့လည်း ထိုးစရာမလိုဘူး။”လို့ ပြောပါတယ်။

အဲဒါကြောင့် နိုင်ငံရေးသမားတယောက် သိက္ခာရှိလာတဲ့အခါ နိုင်ငံတော်အစိုးရသာမကပဲ နိုင်ငံခြား ဘယ်ပါလီမန်ကလာတဲ့ပုဂ္ဂိုလ်မဆို အသိအမှတ်ပြု တွေ့ချင်မှာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

ရခိုင်ပြည်သူတွေအနေနဲ့ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်၊ ဖွံ့ဖြိုးတိုးတက်ပြီး အဂတိလိုက်စားမှုကင်းတဲ့ အခြေနေမျိုးကိုလိုလားနေကြပြီး နစကကောင်စီအနေနဲ့ ရခိုင်ပြည်နယ်အပေါ်ဘယ်လောက်ထိ စေတနာရှိမလဲဆိုတာကိုလည်း ရခိုင်ပြည်သူတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက စောင့်ကြည့်နေကြပါတယ်။

ဆက်လက်ပြီး ရခိုင်တို့ရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု၊ ပါတီနိုင်ငံရေးအပေါ် စိတ်ဝင်စားမှုအခြေအနေတွေဟာ ရခိုင်နိုင်ငံရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်ပါမလဲ။ အဲဒါကြောင့် ရခိုင်ပြည်သူတွေလိုလားတဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ကို ရွေးကောက်ပွဲကနေတဆင့် ဆောင်ရွက်ပေးသွားနိုင်မလား ဆိုတာကတော့ စောင့်ကြည့်သွားရမှာဖြစ်ပြီး တကယ်လို့ ရွေးကောက်ပွဲကျင်းပနိုင်ပေမယ့် ဘာမှပြောင်းလဲမှုမရှိတဲ့အနေအထားမှာပဲရှိနေမလား၊ ပြည်တွင်းစစ်သံသရာမှာပဲ ဆက်လည်နေအုံးမလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #ရွေးကောက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW