ဦးဖြိုးမင်းသိန်း နဲ့ဒေါ်စန္ဒာမင်းတို့အပါအဝင် NLD ပါတီဝင်(၄)ဦးကို ပါတီကနေထုတ်ပယ်

မတ် ၃ – ၂၀၂၃
GG (VOM)

NLD ပါတီဝင်တွေဖြစ်တဲ့ ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင် တို့ကို ပါတီဝင်အဖြစ်ကနေ အပြီးအပိုင်ထုတ်ပယ်လိုက်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီက ဒီနေ့ မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

NLD အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပေါ် မမှန်မကန်သက်သေထွက်ဆိုသူတွေနဲ့ ပြည်သူ့ဆန္ဒကိုကျောခိုင်းပြီး ပါတီရဲ့မူဝါဒကို ဆန့်ကျင် လုပ်ဆောင်နေသူတွေကို အရေးယူပေးဖို့ ပါတီ အပတ်စဉ်ပုံမှန်အစည်းအဝေးတွေမှာ တက်ရောက်တဲ့ ဗဟိုကော်မတီဝင်၊ တိုင်းနဲ့ ပြည်နယ်အလုပ်အမှုဆောင်တွေ၊ ဗဟိုရေးရာကော်မတီက တင်ပြချက်တွေအရ ပေးအပ်ထားတဲ့တာဝန်တွေကိုရပ်ဆိုင်းပြီး ပါတီကနေ အပြီးပိုင်ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပါတီဝင်တဦးက ” ကျနော်တို့လည်းသိပါတယ်။ ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ဒေါ်လာတွေ ပေးခဲ့တယ်ဆိုတဲ့ အဂတိအမှုမှာ စစ်တပ်ဘက်ကနေ သက်သေထွက်ဆိုခဲ့တာရှိတယ်၊သူ ထွက်ဆိုချက်တွေကိုလည်း ဗီဒီယိုဖိုင်​တွေနဲ့ စစ်တပ် သတင်းစာရှင်းလင်းပွဲမှာတွေ့ရတယ်လေ၊ ဒါတွေက အဓိကပါမှာပါ “လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အချို့ဟာ ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှု မရှိတဲ့အပြင် ပါတီရပ်တည်ချက်ကို ဆန့်ကျင်တာ၊ ပါတီအမည်ကို အလွဲသုံးစားလုပ်ဆောင်တာ စစ်တပ် အလိုကျလိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေကြကြောင်းကို ခိုင်လုံတဲ့ အထောက်အထားတွေ ရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

လက်ရှိ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအလုပ်အမှုဆောင်တွေ ဖမ်းဆီးချုပ်နှောင်ခံထားရချိန်မှာ ပါတီလုပ်ငန်းတာဝန်တွေကို ဗဟိုအလုပ်အမှုဆောင်ကော်မတီက တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ဆောင်ရွက်နေတယ်လို့ ရေးသားထားပါတယ်။

ဦးဖြိုးမင်းသိန်းဟာ NLD အစိုးရလက်ထက်တုန်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ဒေါ်စန္ဒာမင်းကလည်း တိုင်းလွှတ်တော်အမတ်ဖြစ်ခဲ့ပါတယ်။

#voiceofmyanmar #VOM #NLDပါတီ #ဦးဖြိုးမင်းသိန်းအပါ(၄)ဦး #ပါတီကထုတ်ပယ်

Related posts

Leave a Comment

VOM News

FREE
VIEW