ပုံတူပန်းချီတွေ ရေးဆွဲရာမှာ ထင်ရှားတဲ့ ပန်းချီဆရာကြီး မောင်ညိုဝင်း ကွယ်လွန်

မတ်၊ ၆-၂၀၂၃
MM(VOM)

အနုပညာနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းအတွင်း ပုံတူပန်းချီတွေ ရေးဆွဲရာမှာ ထင်ရှားခဲ့ပြီး လက်ရာကောင်းမွန်တဲ့ ပန်းချီကားများစွာကို ရေးဆွဲခဲ့တဲ့ ပန်းချီဆရာကြီး မောင်ညိုဝင်းဟာ ဒီနေ့ မတ်လ ၆ရက် မနက်အစောပိုင်းက ကွယ်လွန်သွားပြီလို့ သိရပါတယ်။

”ဆရာ မောင်ညိုဝင်းက ဒီကနေ့ မနက် နံနက် ၁ နာရီ ကျော်က မြောက်ဒဂုံမြို့နယ်က ဆေးရုံတစ်ခုမှာကွယ်လွန်သွားခဲ့တာပါ၊ ကွယ်လွန်သူ ဆရာ့ရဲ့ဆန္ဒအတိုင်း နာရေးအခမ်းအနားကို ဒီနေ့ မနက် ၁၁ နာရီမှာ ရေဝေးသုဿန်မှာမီးသဂြိုလ်တယ်၊ ဆရာက ကွယ်လွန်ချိန်မှာ အသက် ၈၃ နှစ်အရွယ်ရှိပါပြီ။”လို့ နီးစပ်သူ ဝါရင့် ပန်းချီဆရာတယောက်ကပြောပါတယ်။

ပန်းချီဆရာ မောင်ညိုဝင်းဟာ ၁၉၄၂ ခုနှစ်၊ ဂျပန်ခေတ်အတွင်း မန္တလေးမြို့မှာ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၁၉၅၂ ခုနှစ်မှာ မိသားစုနဲ့ ရန်ကုန်ကို ပြောင်းရွေ့ လာခဲ့တာလို့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒါ့အပြင် ဆရာမောင်ညိုဝင်းမှာ သားသမီး ၇ ယောက်၊ မြေး ၁၁ ဦး၊ မြစ် ၆ ဦးရှိကာ မကွယ်လွန်ခင်အချိန်အထိ မြောက်ဒဂုံမြို့နယ်၊ ၄၁ ရပ်ကွက်၊ ရွှေယင်းမာလမ်းမှာ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။

ပန်းချီဆရာ မောင်ညိုဝင်းဟာ ဗိုလ်ချုပ်ကျော်ဇော၊
ဟံသာဝတီ ဦးဝင်းတင် ၊မြသန်းတင် ၊ မိုးမိုး(အင်းယား)၊ ဗဂျီအောင်စိုး၊ အထောက်တော်လှအောင်၊ ခင်ဝမ်း၊ ညိုလှ(ပန်းချီ)၊ တက္ကသိုလ်ဘုန်းနိုင်၊ သာဓု၊ လင်းယုန် မောင်မောင်၊ လေထီးဦးအုန်းမောင်၊ မောင်ထွန်းသူ၊ မြတ်လေး၊ စံတိုး၊ သခင်ခင်ညွန့်၊ ဦးသုခ၊ ဦးမြင့်စိုး(ပန်းချီ)၊ စိုင်းထီးဆိုင်၊ ဒဂုန်တာဟာ ၊ တင်မောင်မျင့်၊မောင်ချောနွယ်၊ မောင်မောင်သိုက်၊ သခင်အုန်းမြင့်၊မောင်ထွန်းသူ၊ လှသန်း၊ လူထုစိန်ဝင်း၊ နတ်နွယ် သခင်ကိုယ်တော်မှိုင်း စတဲ့ကျော်ကြားသူတွေရဲ့ ဈာပနရုပ်ပုံတွေနဲ့ ပုံတူပန်းချီတွေကို ရေးဆွဲခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပန်းချီဆရာမောင်ညိုဝင်း #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW