ရန်ကုန်မှာ ရေရရှိမှုအပေါ်မူတည်ပြီး ရေကစားမဏ္ဍပ်တွေ ခွင့်ပြုပေးမယ်လို့ကြေညာ

မတ် ၈ – ၂၀၂၃
SN (VOM)

ရန်ကုန်မြို့မှာ သင်္ကြန်ကာလ ရေရရှိမှုအခြေအနေပေါ် မူတည်ကာ ရေကစားမဏ္ဍပ်တွေကို ခွင့်ပြုပေးသွားမှာဖြစ်ပြီး မတ် ၉ ရက်မှ စတင်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန် ကြေညာထားပါတယ်။

အခု ၂၀၂၃ ခုနှစ်၊ သင်္ကြန်ပွဲတော်ကာလအတွင်း ရေကစားမဏ္ဍပ်တွေကို သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ရေရရှိမှု အခြေအနေပေါ်မူတည်ပြီး မိသားစုမဏ္ဍပ်တွေ၊ ဖျော်ဖြေရေးမဏ္ဍပ်တွေကို ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ရေကစားမဏ္ဍပ် လျှောက်ထားလိုသူတွေအနေနဲ့ မဏ္ဍပ်အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံတွေနဲ့ သက်ဆိုင်ရာ ခရိုင်/မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ရဲ့ ထောက်ခံချက်နဲ့အတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်း၊ တံတား) မှာ လျှောက်လွှာရယူပြီး မတ် ၉ ရက်ကနေ ၃၁ ရက်အတွင်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

“ရေကစားမဏ္ဍပ်ဆောက်ဖို့အတွက် မြို့နယ်၊ ခရိုင်၊ စည်ပင်အဆင့်ဆင့် လျှောက်ရတာနော်။ ဒါ့အပြင်ကိုမှ ထောက်ခံချက်လည်း ပါရဦးမယ်။ အခုက လျှပ်စစ်မီးကို အချိန်ပိုင်းနဲ့ ပေးနေတာတောင် မီးလာတဲ့အချိန်မမှန်တာ။ အခုလို မီးတောင် မှန်အောင်မပေးနိုင်တဲ့ အခြေအနေနဲ့ ရေကစားဖို့အတွက် ရေက ဘယ်လိုအဆင်ပြေနိုင်မလဲ။ ရေရရှိမှုအပေါ် မူတည်ပြီး ခွင့်ပြုပေးမယ်ဆိုတော့ ဘယ်လို ခွင့်‌ပြု‌ပေးမှာလဲ ရှင်းအောင် ထုတ်ပြန်စေချင်တယ်“ လို့ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်နေ ပြည်သူတဦးက ပြောပါတယ်။

စည်ပင်အနေနဲ့ကတော့ လျှောက်ထားလာတဲ့ မဏ္ဍပ်တွေကို နေရာချထားရေးနဲ့ ကြံ့ခိုင်မှုစစ်ဆေးရေး လုပ်ငန်းကော်မတီရဲ့စိစစ်ချက်နဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးရဲ့ အတည်ပြု ခွင့်ပြုချက်ရရှိမှသာ မဏ္ဍပ်ဆောက်လုပ်ခွင့် ပေးသွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

“အဆင့်ဆင့် စာတင်၊ အလုပ်ရှုပ်ခံပြီးမှ ခွင့်ပြုချက်ရဖို့ အစစ်ဆေးခံရဦးမယ်။ ခွင့်ပြုချက်မရလို့ မဏ္ဍပ် မဆောက်ရရင်လည်း အချိန်ကုန် အလုပ်ရှုပ်ခံထားရတာက အလကားဖြစ်မယ်။ ခွင့်ပြုချက်ရလို့ မဏ္ဍပ် ဆောက်ရပါပြီတဲ့၊ မီးမလာ၊ ရေမရလို့ ‌ရေမဆော့နိုင်ရင်လည်း ငွေတွေကုန်ထားပြီး အလဟဿဖြစ်ဦးမယ်။ အခုထိ အစီစဉ်ကျတာ တခုမှ မရှိသေးဘူး” လို့ မြောက်ဒဂုံမြို့နယ်နေ ပြည်သူတဦးက ပြောပါတယ်။

ဒါ့အပြင် စည်ပင်အနေနဲ့ ရေကစားမဏ္ဍပ် ခွင့်ပြုပေးရာမှာ မဏ္ဍပ်ဆောက်လုပ်ခွင့် ရရှိသူတွေကို ယာဉ်ကြောကြပ်တည်းမှု အခြေအနေတွေအပေါ် မူတည်ပြီး မဏ္ဍပ်အကြီးနဲ့ အလတ်တွေကို စနစ်တကျ ခွင့်ပြုကာ နေရာချထားပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုနှစ် သင်္ကြန်ပွဲတော်ကို ပြည်သူ့ရင်ပြင်မှာ ရန်ကုန်တိုင်း၊ မဟာသင်္ကြန်ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ်နဲ့ တိုင်းအဆင့် ဌာနဆိုင်ရာတွေရဲ့ ရေကစားမဏ္ဍပ်တွေ၊ ဖျော်ဖြေရေးမဏ္ဍပ်တွေကို ကျင်းပ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရေရရှိမှုအပပေါ်မှုတည် #မဏ္ဍုပ်ဆောက်ခွင့်

Related posts

Leave a Comment

VOM News

FREE
VIEW