သွေး (စစ်ကိုင်း)
ညနေပိုင်း ၅ နာရီဝန်းကျင်မှာ ပန်းဆိုးတန်း၊ ဆူးလေ စတဲ့ ဘတ်စ်ကားမှတ်တိုင်တွေမှာ ဘတ်စ်ကားစောင့်နေကြတဲ့သူ အများအပြားကို နေ့စဉ်တွေ့နိုင်ပါတယ်။ သူတို့တွေဟာ အလုပ်ခွင်ကနေ ပြန်လာကြသူ အများစုဖြစ်ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းတွေကိုပဲ အားကိုးသွားလာနေရတာပါ။ ရန်ကုန်မြို့ တစ်ဖက်ကမ်း ဒလမြို့နယ်ကနေ
ရန်ကုန်မြို့ကို အလုပ် လာလုပ်သူတွေဟာလည်း ပန်းဆိုးတန်း ဆိပ်ကမ်းကနေ ဒလဘက်ကို သင်္ဘောစီးဖို့၊ဒါမှမဟုတ် သမ္ဗန်စီးဖို့ စောင့်မျှော်နေကြရပါတယ်။
လတ်တလောကာလအတွင်း ရန်ကုန်မြို့ရဲ့ မြို့နယ် အများစုမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် ခရီးသည်တင် ဘတ်စ်ကားတွေ စောင့်ဆိုင်းစီးနင်းရတဲ့ အချိန်က အရင်ထက် ပိုကြာမြင့်လာပါတယ်။ အကြောင်းက YBS ယာဉ်တွေဟာ ဂက်စ်ဖြည့်ဖို့ တန်းစီနေရတဲ့အတွက် တစ်စီးနဲ့ တစ်စီး ၅ မိနစ်ခြား၊ ၁၀ မိနစ်ခြား မထွက်နိုင်လို့ပါပဲ။ ညနေလို အလုပ်ဆင်းချိန်တွေမှာ ရန်ကုန်က ပြည်သူတွေဟာ ကြားဖြတ်ဝင်ဆွဲတဲ့ အောက်ဆိုက်ကားတွေကို မစီးချင်ဘဲ စီးနေရတာတွေလည်း ရှိလာပါတယ်။ အောက်ဆိုက်ကားတွေဟာ ယာဉ်စီးခ ပိုယူသလို စည်းကမ်းတကျ မောင်နှင်တာမျိုး မရှိတာကြောင့် အန္တရာယ်များပေမဲ့လည်း အိမ်ပြန်ရောက်ချင်ကြတဲ့သူတွေအတွက် မလွှဲသာ မရှောင်သာဘဲ စီးနင်းနေကြရတာပါပဲလို့
ပြည်သူ တစ်ယောက်က ပြောပါတယ်။
“ကိုဇော်ဇော်ထွန်း” ဟာ မကွေးတိုင်းကနေ ရန်ကုန်ကို လာရောက် အလုပ်လုပ်ကိုင်နေသူတယောက် ဖြစ်ပါတယ်။
ဘတ်စ်ကားစီးရတဲ့ အခြေအနေကို သူက”ကိုယ့်ရပ်ကိုယ့်ရွာမှာ နေချင်ပေမယ့် နိုင်ငံရေးအပြောင်းအလဲတွေကြားမှာ လုပ်ကိုင်စားသောက်ရတာ မလွယ်ဘူးဗျ။ ဒါနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ရန်ကုန်ကို တက်လာတာ။ ရန်ကုန်မှာရှိတဲ့ အသိမိတ်ဆွေတွေနဲ့ ချိတ်ဆက်ပြီး ပန်းရန်လိုက်လုပ်နေတာ။ အလုပ်က ရှိတဲ့နေ့လည်းရှိ မရှိတဲ့နေ့လည်း မရှိနဲ့ပါပဲ။ အလုပ် လုပ်ရတာထက် ပင်ပန်းတာက ဘတ်စ်ကားစီးရတာဗျ။မြို့ထဲကနေ လှိုင်သာယာကို စီးရတာများ တမေ့တမောပဲ။ ကျနော်နေတဲ့ နေရာကနေ မြို့ထဲလာရင်
လိုင်းကား ၂ ဆင့် စီးရတယ်။ ၃၀၀ တစ်ကြောင်း၊ ၄၀၀ တစ်ကြောင်း၊ အသွားအပြန်ဆို ၁,၄၀၀ တောင် ကုန်တယ်”လို့ပြောပါတယ်။
ရန်ကုန်မြို့ဟာ တခြားဒေသတွေကနေ လာရောက် အလုပ်,လုပ်ကိုင်တဲ့ ရွှေ့ပြောင်း အခြေချသူတွေ အများဆုံးရှိတဲ့ မြို့ ဖြစ်ပါတယ်။ မြင့်မားလှတဲ့ ကုန်ဈေးနှုန်းနဲ့ နေထိုင်မှုစရိတ်ဟာ ရန်ကုန်မှာနေထိုင်သူတွေအပေါ် ရိုက်ခတ်မှု အရှိဆုံး ဖြစ်နေပါတယ်။ အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်နေသူတွေ ရှိသလို ပန်းရန်၊လက်သမား လာလုပ်နေသူတွေလည်း ရှိပါတယ်။ တချို့ဆိုရင် အမှိုက်ပုံတွေဟာ ‘ပလုံ’ ကောက်တယ် လို့ ခေါ်တဲ့ ပုလင်း၊သံဘူး အပါအဝင် စွန့်ပစ်ပစ္စည်းတွေကို လိုက်ကောက်, ပြန်ရောင်းပြီး အသက်မွေးရသူတွေ၊ ကျောက်စရစ်သယ်၊ သဲသယ်တဲ့အလုပ်ကို လုပ်နေရသူတွေလည်း ရှိပါတယ်။အခြေခံလူတန်းစားတွေ မဆိုထားနဲ့ ဝင်ငွေအသင့်အတင့် ရှိသူတွေတောင် မြင့်မားလှတဲ့ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရတာပါ။
ကန်စွန်းရွက် ၁ စည်း ၅၀၀ ကျပ်၊ သခွားသီး ၁ လုံး ၃၀၀ ကျပ်၊ ခရမ်းချဉ်သီး ၁ ပိဿာ ၂,၅၀၀ ကနေ ၃,၀၀၀ ကျပ်၊ ဆန် ၁ ပြည် ၂,၀၀၀ ကနေ ၄,၀၀၀ ကျပ်အထိ ရှိပါတယ်။ ပဲဆီ ၁ ပိဿာကို အနည်းဆုံး ၁၄,၀၀၀ ကျပ်၊ စားအုန်းဆီ ၁ ပိဿာကို အနည်းဆုံး ၈,၀၀၀ ကျပ်အထိ ပေးဝယ်နေရတာကြောင့် ဝင်ငွေနဲ့ ထွက်ငွေ မကာမိတဲ့ အနေအထား ဖြစ်နေပါတယ်။
စစ်ကိုင်းတိုင်းကနေ ရန်ကုန်မှာ စာအုပ်ဖြန့်ချိရေး အလုပ်လာလုပ်နေတဲ့ “ကိုဝင်းမြင့်ကျော်” က
ကုန်ဈေးနှုန်းက သူ့အတွက် အဓိက စိန်ခေါ်မှုပဲ လို့ ပြောပါတယ်။
“ရွာမှာတုန်းက ကန်စွန်းရွက်လိုဟာမျိုးက ဝယ်စားစရာ မဟုတ်ဘူးလေ အစ်မရဲ့။ ကြက်သွန်၊ငရုတ် ဆိုလည်း ၁ နှစ်စာ ရှိပြီးသား။ ရန်ကုန်ရောက်တော့ အဆောင်လ,ခ ကိုက ၁ လ ၅ သောင်း ဆိုတော့ မျက်လုံးပြူးသွားတယ်။ နယ်မှာ ကျယ်ကျယ်လွင့်လွင့် နေလာခဲ့သူတွေဆိုတော့ မီးခြစ်ဆံဘူးထဲ ဝင်နေရတာပဲလို့တောင် ထင်မိတယ်။ ကုန်ဈေးနှုန်းကလည်း ကြီးလိုက်တာဗျာ။ ကန်စွန်းရွက် ၂ စည်းတောင် ၁,၀၀၀ ပေးနေရတော့… တစ်ခါတလေ ရွာကိုပဲ ပြန်လိုက်ချင်တော့တယ်”လို့ သူကြုံတွေ့နေရတာကို ပြောပြပါတယ်။
မျှော်လင့်ချက်တွေနဲ့ အနယ်နယ်အရပ်ရပ်က လာရောက်အခြေချ နေထိုင်ကြသူတွေများပြားတဲ့ ရန်ကုန်မှာ မြင့်မားလာနေတဲ့ အခန်းငှားခအတွက်လည်း မနည်းရုန်းကန်နေကြရတာ ဖြစ်ပါတယ်။ မြို့လယ်ကောင်မှာ အခန်းငှားခ,က အလွှာမြင့်တွေကိုတောင် ၁ လ ကို ၂ သိန်းကျပ် အနည်းဆုံးရှိပါတယ်။ မြို့လယ်ကောင်နဲ့ မနီးမဝေး သာကေတ၊ဒေါပုံလို မြို့နယ်တွေက အလွှာမြင့်တွေမှာ ၁ လ ကို ၁ သိန်း ခွဲဝန်းကျင်ထိ ရှိပါတယ်။
စစ်ကိုင်းတိုင်းကနေ ရန်ကုန်ကို ပြောင်းရွှေ့လာပြီး စက်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူ “ကိုဇော်သူရ” ကလည်း သူငှားရမ်း နေထိုင်တဲ့ သန်လျင်မြို့နယ်က လုံးချင်းတိုက် ငှားရမ်းခက ၁ လ ကို ၂ သိန်းခွဲရှိတယ် လို့ ပြောပါတယ်။
“စက်ချုပ်ရတာဆိုတော့ တိုက်ခန်းနဲ့က သိပ်အဆင်မပြေဘူး အစ်မရေ…၊ ဒါနဲ့ သန်လျင်မှာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက လုံးချင်းတိုက်လေး ငှားထားရတာ။ တစ်လ, တစ်လ အိမ်လခပြည့်ဖို့ အတွက်ပဲ မနည်းရုန်းနေရတာ။ စားဖို့ သောက်ဖို့တောင် တအားချွေတာနေရတာလေ”လို့ ပြောပါတယ်။
ဒီလို အခြေအနေမှာ အိမ်ပွဲစား, အခန်းပွဲစားတွေဘက်က အိမ်ငှားခ, အခန်းငှားခ တိုးတောင်းဖို့ အိမ်ရှင်တွေကို ပြောတာတွေလည်း ရှိပါတယ်။ နေရာပေါ်မူတည်ပြီး တချို့အိမ်ရှင်တွေက ၆ လချုပ် လက်ခံတာ ရှိပေမဲ့ တချို့ အိမ်ရှင်တွေက ၁ နှစ်ချုပ်မှ လက်ခံတာတွေ ရှိတယ်လို့ သိရပါတယ်။ဒါကြောင့် အိမ်လခ တစ်လုံးတစ်ခဲတည်း မပေးနိုင်သူတွေဟာ ၁ လ,ချင်း ပေးရတဲ့ အဆောင်တွေ ဒါမှမဟုတ် မိသားစု ၂ စု၊၃ စု ပေါင်းပြီး တိုက်ခန်းငှား နေထိုင်ဖို့ လုပ်လာကြရပါတယ်။
လျှပ်စစ်မီး ပုံမှန် မလာတဲ့အတွက် နေထိုင်စရိတ်အပြင် သောက်သုံးရေကို ဝယ်သုံးရတာ၊ ချက်ပြုတ်ဖို့ မီးသွေး ဝယ်သုံးရတာတွေကပါ အပိုကုန်ကျလာပါတယ်။ အထူးသဖြင့် ရန်ကုန်ရဲ့ဆင်ခြေဖုံးနေရာတွေမှာ ရွှေ့ပြောင်း အခြေချတဲ့ အခြေခံလူတန်းစားအများစု နေထိုင်တာဖြစ်ပြီး သူတို့မှာ လုံလောက်တဲ့ ဝင်ငွေလည်း မရှိတဲ့ အနေအထား ဖြစ်နေတာပါ။ ကိုဗစ် 19 နဲ့ နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေနဲ့အတူ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးရသူတွေ၊ အလုပ်အကိုင် ပုံမှန် မရှိသူတွေ ပိုများလာခဲ့တာလည်း ဖြစ်ပါတယ်။
အခြေခံလူတန်းစား မိသားစုတွေဟာ လေဝင်လေထွက် မကောင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အခန်းကျဉ်းလေးတွေမှာ ငှားရမ်းနေထိုင်ရသလို စားသောက်ရေးအတွက် ငါးပိရည်၊ရှူးရှဲလက်ဖက်နဲ့ ဖြေရှင်းနေရသူတွေလည်း အများအပြား ရှိနေပါတယ်။
သိပ်မကြာမီက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ရဲ့ အစီရင်ခံစာမှာ ရန်ကုန်မြို့က အဆင်းရဲဆုံးဒေသမှာ နေထိုင်ကြသူတွေရဲ့ လေးပုံ တစ်ပုံဟာ ၁၂ လ အတွင်း ဝင်ငွေမရှိခဲ့ကြကြောင်း ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး မြို့နယ် ၈ မြို့နယ်က စစ်တမ်းမှာ ပါဝင်ဖြေဆိုခဲ့တဲ့ အိမ်ထောင်စု ၃ ပုံ ၁ပုံကျော်က ထမင်းလျှော့စားရတာတွေ ရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒါကြောင့် အခြေခံလူတန်းစားတွေအတွက် အလုပ်အကိုင် ရရှိဖို့၊လုံလောက်တဲ့ ကျန်းမာရေးဝန်ဆောင်မှုရရှိဖို့ ဘယ်လောက်ထိ အရေးကြီးသလဲဆိုတာ UNDP အစီရင်ခံစာက ဖော်ညွှန်းနေတယ် လို့ ပြောရမှာပါ။
ပန်းဆိုးတန်း မှတ်တိုင်မှာ လိုင်းကားအလာ စောင့်နေရင်း “ကိုဇော်ဇော်ထွန်း”က “ရန်ကုန်မှာ နေထိုင်သူတွေကို ချမ်းသာတယ် ထင်နေကြသူတွေ ရှိသေးတယ်ဗျ။ချမ်းသာတဲ့သူတွေတော့ ရှိမှာပေါ့ဗျာ။ ဒါပေမဲ့ ကျနော်တို့လို အခြေခံလူတန်းစားတွေအတွက်က ထမင်းနပ်မှန်ဖို့နဲ့ ကျောတစ်ခင်းစာ နေရာလေးအတွက်တောင် မနည်းရုန်းကန်နေရတာပါ”လို့ ပြောပါတယ်။
အဲဒီအချိန်မှာပဲ သူစီးရမယ့် ဘတ်စ်ကား ထိုးဆိုက်လာတာကြောင့် ကိုဇော်ဇော်ထွန်းဟာ လူကျပ်ညပ်နေတဲ့ ဘတ်စ်ကားပေါ် လက်ထဲမှာ ကျစ်ကျစ်ဆုပ်ထားတဲ့ ငွေအကြွေတွေ ကိုင်ပြီး ခပ်မြန်မြန်တက်သွားပါတော့တယ်…….။
#voiceofmyanmar #VOM #သွေး(စစ်ကိုင်း) #ဆောင်းပါး