လှည်းကူးမှာ နေအိမ်တအိမ် ဓားပြတိုက်ခံရပြီး ငွေသားနဲ့ကားတစီး ပါသွား

မတ် ၁၁ – ၂၀၂၃
GG(VOM)

ရန်ကုန်၊ လှည်းကူးမြို့နယ်၊ ကျောက်ကုတင်ရွာက နေအိမ်တအိမ်ကို ဓားပြတိုက်ခံရပြီး ငွေသိန်း ၁၀၀ နဲ့ ကားတစီး ပါသွားတယ်လို့ သိရပါတယ် ။

ဖြစ်စဥ်က မနေ့ မတ်လ ၁၀ ရက်နေ့ညပိုင်းမှာ ကျောက်ကုတင်ရွာက ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်​သူ ဦးကိုကိုနေအိမ်ကို လက်နက်ပါသူ ၇ ယောက်ခန့်က ရောက်လာပြီး ဓားပြတိုက်သွားတာဖြစ်တယ်လို့သိရပါတယ်။

” မနေ့က ည ၇ နာရီလောက်မှာ ဓားပြတိုက်ခံရတာလို့သိရတယ်။ ပိုက်ဆံသိန်း ၁၀၀ နဲ့ မာစီးဒီးကား ယူသွားတယ်လို့သိရတယ်။ သူတို့ကနည်းနည်းအကောင်ကြီးတော့ ကျနော်တို့လည်း မမေးရဲသေးဘူး ” လို့ လှည်းကူးဒေသခံတဦးကပြောပါတယ်။

နေအိမ်ဓားပြတိုက်စဥ် ဦးကိုကိုဆိုသူနဲ့အတူ မိသားစုဝင်တွေလည်းရှိကြောင်း၊ အားလုံးကို ဧည့်ခန်းထဲမှာဖမ်းဆီးချုပ်နှောင်ထားပြီး နေအိမ်ထဲရှာဖွေကာ ငွေသားအပြင် ကားကိုပါယူသွားတာဖြစ်တယ်လို့ သိရပါတယ်။

မနေ့က ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် လှည်းကူးမြို့ပေါ်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးရှာဖွေတာတွေလုပ်ခဲ့ကြောင်း၊ကျူးလွန်သူတွေကိုတော့ အခုထိ မမိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ညနေကလည်း ရန်ကုန်၊လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက်၊သီရိမင်္ဂလာလမ်းက CB ဘဏ်ခွဲ လုယက်ခံရပြီး ငွေသားအချို့ပါသွားမှု ဖြစ်ခဲ့ပါတယ်။

#voiceofmyanmar #VOM #လှည်းကူး #ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW