မြန်မာ – အိန္ဒိယ နယ်စပ်မှာ လုံခြုံရေးတင်းကြပ်ထားပြီး ဖမ်းဆီးခံရတဲ့ မြန်မာ ၁၀၀ ကျော်ရှိနေ

မတ် ၊ ၁၂ ၊ ၂၀၂၃
SP(VOM)

စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ တင်နိုဘယ်ခရိုင် ၊ မိုးရေးမြို့နယ်မှာရှိတဲ့ ၂ နိုင်ငံနယ်စပ်တလျောက်ကို အိန္ဒိယဘက်က လုံခြုံရေးတွေတင်းကြပ်ထားပြီး လူဝင် ၊ လူထွက် စစ်ဆေးတာတွေနဲ့ ဖမ်းဆီးတာတွေ ဒီရက်ပိုင်းမှာ နေ့တိုင်း လုပ်နေတယ်လို့ မိုးရေးမြို့ခံ နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” အိန္ဒိယနယ်စပ်ဘက်က ကျေးရွာတွေကို တင်နိုဘယ်ခရိုင်အုပ်ချုပ်ရေးမှူးရဲ့အမိန့်အော်ဒါနဲ့ အော်ပရေးရှင်း ( စစ်ဆင်ရေး)လုပ်နေတာ ဖြစ်တယ် ၊ နယ်စပ်ကျေးရွာအားလုံးကို လူဦးရေးစာရင်းတွေစစ်တယ် ၊ ဗမာပြည်ဘက်က ဝင်ရောက်ခိုလှုံနေတဲ့ မြန်မာလူမျိုး ၁၀၀ ကျော် ဖမ်းဆီးခံထားရတယ် ၊ ဟိုးအရင်က နယ်စပ်ဖြတ်ကျော် ဖမ်းခံရတဲ့သူတွေဆိုရင် ၊ အိန္ဒိယဘက်ကနေ နေ့ချင်းပြီး မြန်မာဘက်ကို ပြန်လည်လွဲပြောင်းပေးတာတွေ ရှိခဲ့ပေမယ့် ၊ အခု အဖမ်းခံရတဲ့သူတွေကို အိန္ဒိယအာဏာပိုင်တွေက ပြန်လည်လွဲပြောင်းတာ မရှိဘဲ ၊ Inphal Jail (အင်ဖာ ထောင်)မှာ ထောင်သွင်းအကျဥ်းချထားတာဖြစ်တယ်”လို့ မိုးရေးမြို့ခံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

အိန္ဒိယနိုင်ငံ မိုးရေးမြို့နယ်မှာ နေထိုင်ပြီး အိန္ဒိယ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကိုခံရတဲ့ မြန်မာ ဒုက္ခသည်တွေနဲ့ နီးစပ်သူတယောက်က ” ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်ကနေ မတ် ၂၂ ရက်အထိ အော်ပရေးရှင်း (စစ်ဆင်ရေး)တွေရှိတယ် ၊ အဖမ်းခံရတဲ့ မြန်မာ ၁၀၀ ကျော်ရှိတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ဖမ်းဆီးခံရတာတွေနဲ့ ပတ်သက်ပြီး ” ဖမ်းဆီးခံရတဲ့သူတွေဟာ မုံရွာမြို့နယ်က ဒေါ်ဇင်မာ (၅၀နှစ်)၊ မကြူကြူ (၂၀နှစ်)၊ မသင်းသင်း (၂၅နှစ်)၊ မစိုးစိုး (၂၀နှစ်)၊ ဒေါ်ခင်ခင် (၂၅နှစ်)၊ မခင်မို့မို့ဇော် (၂၀နှစ်)၊ ဦးဇော်ထက် (၄၅နှစ်)၊ ဦးအောင်ခိုင် (၄၇နှစ်)၊ ကိုနိုင်ဝင်းထွန်း (၂၃နှစ်)၊ နဲ့ ကလေးမြို့ တာဟန်းရပ်ကွက်နေ ဦးလာလ်ထားကိမ်းမာ (၅၂နှစ်) တို့ဖြစ်ပါတယ် ၊ သူတို့က အိန္ဒိယဘက်ကို အလုပ် ၊ လုပ်ကိုင်ဖို့ရောက်နေတာကို အခုလို အဖမ်းခံရတာ ဖြစ်နိုင်တယ် ၊ ဖမ်းဆီးခံရသူတွေဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ကနေ လာရောက်နေထိုင်သူ ၉ ဦးနဲ့ ကလေးမြို့ကနေ လာရောက်နေထိုင်တဲ့ ၁ ဦး စုစုပေါင်း အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ဖြစ်ပါတယ် ” လို့ တမူးမြို့မှာနေတဲ့ လူမှုကူညီရေး ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီအရင်က အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ တင်နိုဘယ်ခရိုင် ၊ မိုးရေးမြို့နယ် ၊ H. Lhangcham ကျေးရွာနဲ့ New New Salbung ကျေးရွာကြားမှာ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ၊ ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈၀ ကျော်ကို အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့က ဇန်နဝါရီ ၂၇ ရက်နေ့ မှာ ဖမ်းဆီးရမိတယ်လို့ မဏိပူရ်ပြည်နယ် ဒေသဆိုင်ရာ သတင်းဌာနတွေရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။

အိန္ဒိယနိုင်ငံ မိုးရေးမြို့မှာနေတဲ့ နယ်စပ်ကုန်သည် ဦးဂျမားဆိုသူက ” ပြီးခဲ့တဲ့ရက်ပိုင်းက အိန္ဒိယ – မြန်မာ ၂ နိုင်ငံ ချစ်ကြည်ရေး ပွဲလုပ်တယ် ၊ အဲ့ဒီ ပွဲအပြီး နောက်ပိုင်းမှာ နယ်စပ်ကျေးရွာတွေမှာ ခိုလှုံနေထိုင်တဲ့ မြန်မာ ၁ ရာနီးပါး အဖမ်းခံရတာဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီလို ဖမ်းဆီးခံရတဲ့ မြန်မာတွေဟာ မဏိပူရ်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ အင်ဖာအကျဥ်းထောင်မှာ ချုပ်နှောင်ခဲထားရပြီး လွန်ခဲ့တဲ့ ရက်ပိုင်းက မြန်မာ အကျဥ်သား ၁ ဦး ရုတ်တရက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြန်မာ #အိန္ဒိယနယ်စပ် #လုံခြုံရေးတင်းကြပ်

Related posts

Leave a Comment

VOM News

FREE
VIEW