၁၁ နှစ်ကျော်ကြာ တိုက်ပွဲရှောင်ခဲ့ကြတဲ့ နမ့်ခမ်း ဂျော်-၁ စစ်ရှောင်စခန်းက အိမ်ထောင်စု ၂၁ စု နေရပ်ပြန်

မတ် ၁၆၊ ၂၀၂၃
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်မှာ ၁၁ နှစ်ကျော်ကြာ တိုက်ပွဲရှောင်ခဲ့ကြရတဲ့ နမ့်ခမ်းမြို့ပေါ်ရှိ ဂျော် ၁ စစ်ရှောင်စခန်းက အိမ်ထောင်စု ၂၁ စုဟာ မနေ့ မတ်လ ၁၅ ရက်က နေရပ်ပြန်ကြပြီဖြစ်တယ်လို့ အကူအညီပေးခဲ့သူတွေဆီက သိရပါတယ်။

“နမ့်ခမ်းမြို့ ဂျော် ၁ စစ်ရှောင်စခန်းက အိမ်ထောင်စု ၂၁ စု မိမိရပ်ရွာဒေသကို ပြန်ကြပြီ၊ မိုင်းဝီးမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ဗန်းမော်မြို့နယ် တွေထဲက ဒေသခံ ပြည်သူတွေဖြစ်ကြပြီး မော်ဆွေ၊ ယန်ဝူး၊ကဒေါ့်ကောင်၊ မန်ကန်၊ ကျမ်းကား စတဲ့ရွာတွေထဲက စစ်ရှောင်တွေဖြစ်တယ်”လို့ အကူအညီပေးခဲ့တဲ့ မုံးမောဝ်ဇုန်နယ် ကချင်နှစ်ခြင်းအသင်းတော်များအဖွဲ့ က တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲတဲ့အပြင် အကူအညီပေးတဲ့ အဖွဲ့အစည်းတွေလည်း မရှိသလောက် ဖြစ်သွားတာကြောင့် မိမိတို့အစီအစဉ် နဲ့ နေရပ်ကို ပြန်ကြတာလို့ သိရပါတယ်။

“ဒီဘက်က ၁၀ နှစ် ကျော်သွားပြီဆိုတော့ တခုခု အိမ်တွေဆောက်ဖို့ အထောက်အပံ့တွေ အမျိုးမျိုးတော့ မျှော်လင့်ကြပေမယ့် NGOs တွေကကျတော့ ကျနော်တို့ထက် ပိုခက်ခဲတဲ့ နေရာတွေဘက်ပဲ ပို ကူညီထောက်ပံ့မှုတွေ အားစိုက်ကြရတယ်။ မနှစ်ကတည်းကတောင် သူတို့ပြန်ဖို့ အများကြီးပြင်ဆင်ထားကြတာ ဒီနှစ်မှ ပြန်ဖြစ်တယ်”လို့ ကူညီပေးခဲ့သူ ဒေသခံ ၁ ဦးကလည်း ပြောပါတယ်။

နေရပ်ပြန် ပြည်သူတွေကိုတော့ မုံးမောဝ်ဇုန်နယ် ကချင်နှစ်ခြင်း ခရစ်ယာန်တော်များအဖွဲ့ကနေ သယ်ယူပို့ဆောင်ရေးအတွက် အခမဲ့ ကူညီပေးခဲ့ပြီး လက်ရှိ စစ်ရှောင်စခန်းမှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းက ရှောင်တိမ်းလာသူတွေ ကျန်ရှိနေသေးပြီး နောက်လ ဧပြီ၊ မေ လတွေမှာ နည်းနည်းချင်းစီ ပြန်ဖို့ရှိကြောင်းနဲ့ နေရပ်ဒေသမှာတော့ စစ်ဖြစ်တာမျိုးလည်း မရှိတော့တာကြောင့် စိုးရိမ်စရာတော့ မရှိဘူးလို့ ပြောပါတယ်။

အဲဒီ စစ်ရှောင်တွေက ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ကတည်းက ကေအိုင်အေနဲ့ စစ်တပ်တို့ အကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် နမ့်ခမ်းမြို့ပေါ် တိုက်ပွဲ ယာယီရှောင်တိမ်းခဲ့ကြရတာဖြစ်တယ်လို့ သိရပါတယ်။

Photo Crd – MGZ
#voiceofmyanmar #VOM #နမ့်ခမ်း #ဂျော်၁စစ်ရှောင် #နေရပ်ပြန်

Related posts

Leave a Comment

VOM News

FREE
VIEW