တရုတ်နဲ့ပေါင်းလုပ်မယ့် လေအားလျှပ်စစ်စီမံကိန်း ရခိုင်လူထုအတွက် အမှန်တကယ်အကျိုးရှိနိုင်သလား

မတ် ၁၇- ၂၀၂၃
SW(VOM)

ရခိုင်ပြည်နယ်အတွင်း တရုတ်နဲ့ မြန်မာနိုင်ငံတို့ကြား နှစ်နိုင်ငံပူးပေါင်းပြီး လေအားလျှပ်စစ်စီမံကိန်းတခု အကောင်အထည်ဖော်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၃ မတ်လ ပထမပတ်ကနေ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လုပ်ငန်းမှာပါဝင်မယ့် မြန်မာပြည်တွင်း ကုမ္ပဏီ၊ ဟောင်ကောင်ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီတို့ကြား လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သဘောတူညီမှုစာချွန်လွှာလက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ လေအားလျှပ်စစ်စီမံကိန်းဟာ ပြည်သူကို မဏ္ဍိုင်ပြုမှုအားနည်းတဲ့ အခြေအနေမှာ စီမံကိန်းအောင်မြင်နိုင်ခြေမရှိကြောင်းနဲ့ တကယ်လို့ အောင်မြင်မယ်ဆိုရင်လည်း ရခိုင်ပြည်သူတွေအတွက် အကျိုးကျေးဇူးရှိမှာမဟုတ်လို့ ထင်မြင်မိကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေတဲ့ အမ်းမြို့နယ်က ကိုမျိုးလွင်က ပြောပါတယ်။

“ရခိုင်မှာက သဘာဝအရင်းအမြစ်ကို မှီခိုပြီးတော့ လျှပ်စစ်နဲ့ပတ်သက်ပြီး တည်ဆောက်ခဲ့ကြတာပေါ့။ သဘာဝအရင်းအမြစ်ကိုသုံးပြီး ဒေသခံတွေအတွက် အောင်မြင်တယ်လို့ ပြလောက်တဲ့ အထောက်အထားမရှိခဲ့ဘူး။ လက်ရှိလုပ်နေတဲ့ လုပ်ငန်းကလည်း တရုတ်ကုမ္ပဏီတွေက လုပ်မယ်လို့ ကြေညာထားတော့ အရင်က တရုတ်ကုမ္ပဏီတွေလုပ်ခဲ့တဲ့ စီမံကိန်းတွေကိုကြည့်မယ်ဆိုရင် ရခိုင်ဒေသခံတွေအကျိုးအမြတ် ပြောပလောက်အောင်မရှိခဲ့ဘူး။ ဒါကြောင့် ရခိုင်ပြည်သူတွေအတွက် အကျိုးကျေးဇူးက မျှော်လင့်လို့မရလို့ ပြောလို့ရတယ်” လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တရုတ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ စီမံကိန်းတွေအများအပြားရှိပြီး ကျောက်ဖြူရွှေသဘာဝဓာတ်ငွေ့လိုမျိုး စီမံကိန်းကြီးတွေမှာဆိုရင် ဒေသခံအများအပြား ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရပြီး ဒေသခံတွေ နေ့စဉ်ဘဝ စားဝတ်နေရေးအတွက် မှီခိုအားထားခဲ့ရတဲ့ ကျောက်ဖြူပင်လယ်ပြင်ဟာ အခုဆိုရင် တရုတ်စီမံကိန်းတွေလက်အောက်မှာ ကျရောက်နေပြီး ဒေသခံတွေအတွက် ဘာအကျိုးကျေးဇူးမှမရှိကြောင်း သူက ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်က သဘာဝအရင်းအမြစ်တွေကို အသုံးပြုပြီး ရရှိလာတဲ့ လျှပ်စစ်ဓာတ်အားတွေကို ပြည်နယ်တွင်း အလုံအလောက်ပေးပြီး ပိုလျှံမှသာ တခြားပြည်နယ်နဲ့ တိုင်းတွေကို ဖြန့်ဖြူးပေးတာမျိုးသာဖြစ်သင့်တယ်လို့လည်း ကိုမျိုးလွင်က ပြောပါတယ်။

“လေအားလျှပ်စစ်စီမံကိန်းကနေ တနိုင်ငံလုံးကို ဖြန့်ဖြူးနိုင်တယ်ဆိုတာဟာ ဝါဒဖြန့်တဲ့ပုံစံမျိုး သက်သက် မဖြစ်ဖို့လိုပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ လျှပ်စစ်မီးတွေပုံမှန်မရဘူး။ အထူးသဖြင့် ရခိုင်ဒေသက အရင်းအမြစ်တခုနဲ့ လျှပ်စစ်ဓာတ်အားထုတ်တဲ့အခါ ရခိုင်ပြည်သူလူထုအတွက် လုံလောက်တဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်တဲ့ အင်အားတခုကို တည်ဆောက်ဖို့လိုပါတယ်။ ဒေသအတွက်တော့ လျှပ်စစ်အလုံအလောက်ရပြီ။ ပိုလျှံတဲ့လျှပ်စစ်တွေကို နောက်ပြည်နယ်နဲ့ တိုင်းတွေကို ဖြန့်ဖြူမယ်ဆိုရင်တောင် လက်ခံနိုင်တဲ့အနေအထားမှာရှိတယ်။”လို့ ပြောပါတယ်။

သဘာဝအရင်းအမြစ်တွေကို အသုံးပြုပြီး လူသားအကျိုးအတွက် လုပ်ဆောင်ရာမှာ သက်ဆိုင်ရာလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်နဲ့ လူသားအရင်းအမြစ်အပေါ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထိခိုက်မှာကို မလိုလားကြောင်း ပြောပါတယ်။

အဲဒီ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးကို မြန်မာနိုင်ငံ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား စီမံကိန်းဦးစီးဌာန၊ မြန်မာကုမ္ပဏီတခုဖြစ်တဲ့ Primus Advanced Technologies Limited(ပထမဆုံး အဆင့်မြင့်နည်းပညာ လီမိတက်)၊ တရုတ်နိုင်ငံ၊ ဟောင်ကောင် စွမ်းအင်ကုမ္ပဏီတခုဖြစ်တဲ့ Asia Ecoenergy Development Limited၊ တရုတ်ကုမ္ပဏီ Yunnan Machinery & Equipment Import and Export Co., Ltd တို့က သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း အမ်းမြို့နယ်၊ သံတွဲမြို့နယ်နဲ့ ဂွမြို့နယ် စတဲ့ မြို့နယ် (၃)ခုမှာ လေအားလျှပ်စစ်စီမံကိန်းကို လုပ်ဆောင်သွားမှာဖြစ်ပြီး အမ်းမြို့နယ် စီမံကိန်း၊ သံတွဲစီမံကိန်းနဲ့ ဂွစီမံကိန်းကနေ ထုတ်လွှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလို မြန်မာနဲ့ တရုတ်နိုင်ငံကြား လေအားလျှပ်စစ်စီမံကိန်းနဲ့ပတ်သက်တဲ့သတင်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်လောက်ကနေ သတင်းထွက်နေတာဖြစ်ပြီး နစက ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ ရခိုင်ပြည်နယ်ကို ရောက်လာပြီးနောက်ပိုင်း မတ်လ ၂ ရက်နေ့ထုတ် နိုင်ငံပိုင်မြန်မာ့အလင်းသတင်းစာမှာလည်း ဖော်ပြထားတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း လေအားလျှပ်စစ်စီမံကိန်း အကောင်ထည်ဖော်ဆောင်နိုင်ရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ စီမံကိန်းမှာပါဝင်တဲ့ ကုမ္ပဏီတွေက သွားရောက်တိုင်းတာမှုတွေ ပြုလုပ်တဲ့အဆင့်မှာပဲ ရှိသေးတယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။

“လေအားလျှပ်စစ်က ရခိုင်ပြည်နယ်မှာ နေရာသုံးနေရာကို ယေဘုယျအားဖြင့် ဆန်းစစ်မှုတွေလုပ်နေတယ်။ လေတိုက်နှုန်းတွေ၊ ဖြစ်တန်ရာတွေကို အသေးစိပ်လာတိုင်းတာပေါ့။ လေကဘယ်လိုတိုက်တယ်။ လေတိုက်တဲ့ လမ်းကြောင်းက ဘယ်လိုရှိတယ်ဆိုတာကို တိုင်းတာမယ့်အဖွဲ့ ရောက်နေလို့ လုပ်ငန်းစနေကြတယ်။ အဲဒါတွေ တိုင်းပြီးမှ အချက်အလက်တွေအပေါ်မူတည်ပြီးတော့ မြင်းကောင်ရေအား၊ လျှပ်စစ်အနေနဲ့ မီဂါဝပ်ဘယ်လောက်ထုတ်နိုင်မလဲဆိုတာ ဖြစ်လာမှာပေါ့၊ အကောင်ထည်ဖော်ဆောင်ရွက်မယ့် လေအားလျှပ်စစ်စီမံကိန်းဟာ အရင်းအနှီများပါတယ်၊ ဒီလျှပ်စစ်စီမံကိန်းအောင်မြင်မယ်ဆိုရင် ရခိုင်ပြည်နယ်က ထွက်လာလို့ရှိရင်လည်း မြန်မာတနိုင်ငံလုံးသုံးစွဲနိုင်အောင် ပင်မဓာတ်အားလှိုင်းထဲ ထည့်မှာဖြစ်ပါတယ်။”လို့ ပြောပါတယ်။

လက်ရှိမှာ ဂွမြို့အရှေ့ဘက် လေကာတောင်ပေါ်မှာ လေအားလျှပ်စစ်စီမံကိန်းလုပ်ဆောင်ဖို့အတွက် လေတိုင်စိုက်ထူနေပြီး အချက်အလက် မှတ်သားတာတွေရှိတယ်လို့ ဂွမြို့ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတချို့ဟာ လေအား လျှပ်စစ် စီမံကိန်းတည်ဆောက်မယ့်နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခုလိုမျိုး ဂွမြို့နယ်အတွင်း လေအား လျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မယ့် စီမံကိန်း အမှန်တကယ်ဖြစ်လာမယ်ဆိုရင် ကောင်းမွန်ကြောင်း ဂွမြို့ဒေသခံတဦးက ပြောပါတယ်။

“ပထမကတော့ လေတိုင်စိုက်ထားတာရှိတယ်။ အဲဒီတိုင် စိုက်ထူထားတာက ကြာပြီ။ အဲ့ဒီနေရာမှာပဲ လုပ်မယ်လို့ကြားတယ်၊အခု ကျနော်တို့ ဂွမြို့ဆိုရင် ဧရာဝတီတိုင်း အသုတ်မြို့ကနေပြီး ယူထားရတယ်။ ဒါကြောင့် ဟိုကတဆင့်ပြန်ပေးမယ်ဆိုရင် အရင်အတိုင်းပါပဲ။ ဘာမှထူးခြားမှာမဟုတ်ဘူး။ ပုံမှန်ရနေတယ်ဆိုရင်တော့ ကောင်းတာပေါ့။ ကိုယ့်ရခိုင်ပြည်နယ်မှာ ပြည့်ပြည့်ဝဝရမှ တခြားကို ပို့လွှတ်မယ်ဆိုရင်တော့ အဆင်ပြေတာပေါ့။ အခုခြေအနေက ကိုယ့်ဒေသမှာလည်း ပြတ်တလှည့် ငတ်လှည့်ပေါ့။” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကနေ ထုတ်လွှတ်နေတဲ့ လျှပ်စစ်စွမ်းအားနဲ့တင် လုံလောက်ပေမယ့် ကျောက်ဖြူက ထုတ်လွှတ်တဲ့ လျှပ်စစ်ကို ရခိုင်တပြည်နယ်ထဲကသာ သုံးမယ်ဆိုရင် တစ် (၁) ယူနစ်ကို ကျပ်၂၂၀ ကျသင့်မှာဖြစ်ကြောင်း ပြည်နယ်ကောင်စီ ပြောခွင့်ရဦးလှသိန်းက ထောက်ပြပါတယ်။

“ ကျောက်ဖြူကထုတ်နေတာကို ရခိုင်ပြည်နယ်ကပဲ သုံးမယ်ဆိုရင်လည်းရတယ်။ ဒါပေမယ့် အဲဒီဟာကို ပင်မဓာတ်အားလှိုင်းကို ထည့်လိုက်တဲ့အတွက်ကြောင့် ငါတို့က တစ်(၁) ယူနစ်ကို (၃၅) ကျပ်နဲ့သုံးရတာ။ ရခိုင်ကထွက်တဲ့ဟာကို ရခိုင်ကပဲ သုံးမယ်ဆိုရင် ရခိုင်မှာ မီးမပျက်အောင်တော့ရမယ်။ ၁ ယူနစ် ၂၂၀ ကစမယ်။ ဆိုတော့ ငါတို့ရတာကို ပြည်ထောင်စုထဲမှာထည့်လိုက်တယ်။ ဒါကြောင့် ပြည်ထောင်စုရဲ့ နှုန်းထားအတိုင်း အကုန်လုံးမျှပြီး သုံးကြတာပေါ့။” လို့ ဦးလှသိန်းကပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ လျှပ်စစ်ဓာတ်အားသုံးစွဲတဲ့ စက်ရုံအလုပ်ရုံတွေ ရှိပေမယ့် မြန်မာပြည်မ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတို့လို စက်ရုံအလုပ်ရုံတွေ များပြားတဲ့ တိုင်းတွေမှာ လျှပ်စစ်ဓာတ်အားပိုလိုအပ်တာကြောင့် အခုလို မျှသုံးနေရတာဖြစ်တယ်လို့ ရခိုင်ပြည်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာပြည်အနှံ့က မြို့၊ရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်း လျှပ်စစ်မီး ၂၄ နာရီအသုံးပြုခွင့်ရခဲ့ပြီး ၂၀၂၁ ခုနှစ် နိုင်ငံရေးပြောင်းလဲမှုဖြစ်စဥ်တွေ ဖြစ်ပွါးပြီးနောက်ပိုင်းမှာ လျှပ်စစ်မီးတွေ ပုံမှန်မရကြတော့ဘဲ အချိန်အကန့်အသတ်နဲ့ဖြစ်လာတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်း လျှပ်စစ်စွမ်းအင် လိုအပ်လျှက်ရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ အခုလိုမျိုး လေအားလျှပ်စစ်စီမံကိန်း အကောင်ထည်ဖော်တာဟာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရပြီး အောင်မြင်မလားဆိုတာကိုလည်း ပြည်သူတွေက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

လက်ရှိ ရခိုင်မှာ အကောင်အထည်ဖော်ဆောင်ရွက်မယ့် လျှပ်စစ်စွမ်းအားရရှိရေးစီမံကိန်းဟာ ရခိုင်လူထုအတွက် ဘယ်လောက်ထိ အဆင်ပြေပြေနဲ့ အထောက်အကူပြုမလဲဆိုတာ ပြည်သူတွေက စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း လေအားလျှပ်စစ် စီမံကိန်းတစ်ခုလုပ်ဆောင်နိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကလည်း တရုတ်စွမ်းအင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Power China Company နဲ့ ရခိုင်ပြည်နယ်အစိုးရကြား ဆွေးနွေးမှုတွေရှိခဲ့ကြောင်း ပြည်နယ်ကောင်စီကနေ သိရပါတယ်။

ဓာတ်ပုံ- အမ်းတောင်တန်း တနေရာ
#voiceofmyanmar #VOM #ရခိုင် #လေအားလျှပ်စစ်

Related posts

Leave a Comment

VOM News

FREE
VIEW