နှမ်းစျေးကွက်မှာ နှမ်းနက်(စမုံ) နဲ့ နှမ်းဖြူ ဝယ်လိုအားများပြီး စျေးကောင်းရနေ

မတ် ၁၇ -၂၀၂၃
GG (VOM)

ပြည်တွင်း ၊ပြည်ပ နှမ်းစျေးကွက်မှာ ဝယ်လိုအားများနေတာကြောင့် နှမ်းနက် (စမုံ)နဲ့ နှမ်းဖြူ အမျိုးအစားက ​စျေးကောင်းရနေတယ်လို့ နှမ်းကုန်သည်တွေဆီက သိရပါတယ်။

လက်ရှိမှာ နှမ်းဖြူအသစ်က ၄၅ ပိဿာကို ၃၂၀၀၀၀ စျေးရှိနေပြီး နှမ်းနက်(စမုံ)က ၂၉၀၀၀၀ ကျပ်စျေးတန်းရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

နယ်မြေမအေးချမ်းတဲ့ စစ်ကိုင်းတိုင်းထဲက ဒေသတွေမှာ နှမ်းစိုက်ပျိုးမှုမလုပ်နိုင်တာကြောင့် အခုနှစ် နှမ်းအထွက်နူန်းလျော့ကျခဲ့လို့ ဝယ်လိုအား များပြီး ပစ္စည်းကရှားကာ စျေးနူန်းမြင့်လာတာဖြစ်တယ်လို့ကုန်သည်တွေက ပြောပါတယ်။

” အက်ဆစ်အောင်တဲ့နှမ်းက စျေးကောင်းရတယ်၊မိုးလွတ်တဲ့နှမ်းပေါ့။ကယားဘက်ဆို မိုးနည်းတော့ အဲ့ဒီဘက်ကနှမ်းတွေလည်း ကောင်းတယ်။ အခုနှစ် နှမ်းက စိုက်ပျိုးမှုလျော့တော့ အထွက်နူန်းလည်းလျော့တယ်၊ဝယ်တဲ့သူကလည်း အက်ဆစ်အောင်တဲ့နှမ်းကို ပိုလိုချင်တယ်၊ပစ္စည်းကလည်းရှားတယ်။တရုတ်က နှမ်းနက်ရော တခြားနှမ်းရောအကုန်ဝယ်ပါတယ်၊နှမ်းအနက်ကိုတော့ ပိုလိုချင်တယ်။ ” လို့ အောင်လံကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးအောင်မိုးကပြောပါတယ်။

နှမ်းကို ပြည်ပတင်ပို့မှုအနေနဲ့ နယ်စပ်ကတဆင့် တရုတ်ကို အများဆုံးတင်ပို့ရပြီး ကျန်တဲ့နိုင်ငံတွေကတော့ စင်္ကာပူ၊ ထိုင်း၊ ဂျပန်၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ဘူလ်ဂေးရီးယား၊ ဖိလစ်ပိုင်၊ နယ်သာလန်၊ မလေးရှား စတဲ့နိုင်ငံတွေကို တင်ပို့မှုရှိတယ်လို့သိရပါတယ်။

” နှမ်းကို တရုတ်က ကီလိုဂရမ်နဲ့ဝယ်တယ်၊ဂျပန်အပါအဝင် တခြားနိုင်ငံတွေက တန်ချိန်နဲ့ဝယ်တယ်။ ဂျပန်ကတော့ ဝယ်တာနည်းသွားတယ်။ ပြည်တွင်းစားသုံးမှုက နည်းတော့ ပြည်ပကိုပဲ အဓိကတင်ပို့ရတယ်၊ဒီမှာက နှမ်းယိုလုပ်တာရှိမယ်၊ဆီကြိတ်တာရှိမယ်၊ဆီကျတော့လည်း စျေးတန်းကမြင့်တော့ လူတိုင်းမစားကြဘူး “လို့ နှမ်းကုန်သည်တဦးကပြောပါတယ်။

နှမ်းကို မိုးတွင်းနဲ့ဆောင်းသီးနှံအဖြစ် တစ်နှစ်ကို၂ ကြိမ် စိုက်ပျိူးကြပြီး တနှစ်မှာ နှမ်းအထွက်နူန်းက တန်ချိန် ၂သိန်းကျော်ကနေ ၃ သိန်းနီးပါးလောက် ရှိတယ်လို့ သိရပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ လာမယ့်ဘဏ္ဍာနှစ်မှာ ပြည်ပကို နှမ်းတန်ချိန် ၂ သိန်းကျော် တင်ပို့ဖို့စီစဥ်နေတယ်လို့ သိရပါတယ်။

နှမ်းကို မကွေးတိုင်းအပါအဝင် စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းမှာ အဓိကစိုက်ပျိုးပြီး အခုနောက်ပိုင်းမှာတော့ တိုးချဲ့ဒေသတွေအဖြစ် ကယားပြည်နယ်အပါအဝင် ဒေသအချို့မှာပါ စိုက်ပျိုးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နှမ်းစျေးကွက်ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW