ကျွမ်းကျင်လုပ်သားနဲ့ ခွင့်ပြန်လုပ်သားတွေအတွက် OWIC ကတ် နေ့ချင်းပြီး ဆောင်ရွက်ပေးနေ

မတ် ၂၀ – ၂၀၂၃
SN (VOM)

ပြည်ပကို မိမိအစီစဉ်နဲ့သွားမယ့် ကျွမ်းကျင်အလုပ်သမားတွေနဲ့ ခွင့်ပြန်အလုပ်သမားတွေအတွက် ပြည်ပအလုပ်အကိုင်လက်မှတ် (OWIC) ထုတ်ပေးခြင်းကို မရမ်းကုန်း၊ ရှစ်မိုင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(တိုင်းဒေသကြီးရုံး)မှာ ဒီနေ့ မတ် ၂၀ ရက်ကစတင်ပြီး နေ့ချင်းပြီး ဆောင်ရွက်ပေးနေပြီဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သိရပါတယ်။

အခုလို OWIC ကတ် ခွင့်ပြုထုတ်ပေးရာမှာ ပွဲစားတွေနဲ့ ဆောင်ရွက်မှုတွေကို ကာကွယ်တားဆီးနိုင်ဖို့၊ အလုပ်သမားတွေ အချိန်ကုန်၊ ငွေကုန်သက်သာ လျော့နည်းစေဖို့အတွက် OWIC ထုတ်ပေးရေးတာဝန်ခံ အရာရှိက စိစစ်ပြီး တိုင်းဒေသကြီးတာဝန်ခံအရာရှိထံ တင်ပြပြီးနောက် ခွင့်ပြုမိန့်နဲ့ နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ကတ်က ရှစ်မိုင်ရုံးမှာ ထုတ်ရတယ်ဆိုပေမယ့် မြောက်ဒဂုံ ပင်လုံခန်းမမှာ တုံကင်သွားယူရပါသေးတယ်။ မြောက်ဒဂုံ ပင်လုံခန်းမမှာ တုံကင်ယူပြီးမှ ရှစ်မိုင်ရုံးကိုသွားပြိိီး OWIC ကတ်ထုတ်ရမှာပါ”လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

OWIC ကတ်လျှောက်ထားရာမှာ အရင်က သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေအတိုင်း ပြောင်းလဲမှုမရှိဘဲ မူရင်းစာရွက်စာတမ်း အထောက်အထားတွေနဲ့ အလုပ်သမားကိုယ်တိုင် သွားရောက် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

“မြောက်ဒဂုံ ပင်လုံကနေ ရှစ်မိုင်ရုံးကို သွားရဦးမယ်။ ဒီအတိုင်းဆို တက္ကစီဆရာတွေကို လုပ်ကျွေးနေရသလို ဖြစ်တာပေါ့ဗျာ။ ဘာအစီအစဥ်ကြီးလဲတော့ မသိဘူး။ ကတ်ထုတ်တဲ့လူတွေ ပင်လုံသွားရင် တက္ကစီခ အသွားအပြန် ၁၆၀၀၀ လောက် ထပ်ကုန်သေးတယ်”လို့ ပြည်ပသွားဖို့ ပြင်ဆင်နေသူတဦးက ပြောပါတယ်။

ထပ်ပြီးတော့ နေပြည်တော်မှာရော မန္တလေးမှာပါ OWIC ကတ် ထုတ်ပေးရေးရုံးတွေ ဖွင့်လှစ်ဖို့အတွက် လူအင်အားဖွဲ့စည်းမှုတွေ၊ အထောက်အကူပစ္စည်းတွေ၊ ထုတ်ပေးရေးစက်တွေ မှာထားပြီးဖြစ်တယ်လို့ သိရပါတယ်။

“သဘောမကျပေမယ့် သူတို့လုပ်တဲ့ အစီအစဥ်မို့ ဘာကွန်ပလိန်းမှ တက်လို့ရမယ်တော့ မထင်ပါဘူး” လို့ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေသူတဦးက ပြောပါတယ်။

ကျွမ်းကျင်လုပ်သားအဖြစ် ပြည်ပကို သွားရောက်မယ့်သူတွေအနေနဲ့ ပြည်ပ အလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့်ကိုတော့ အရင်အတိုင်း နေပြည်တော်ရုံးချုပ်ဆီ တင်ပြရမယ်လို့ သိရပါတယ်။

Photo Crd – Uploader
#voiceofmyanmar #VOM #အလုပ်သမားရေးရာကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW