ကြူကုတ်(ပန်ဆိုင်း) -ဝမ်တိန် နယ်စပ်ဂိတ်ကနေ ကုန်ကားတွေ အဝင်အထွက် ပြန်ခွင့်ပြု

မတ် ၂၁၊ ၂၀၂၃
Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်ရဲ့ ရှေးအကျဆုံး သမိုင်းဝင် နှစ်နိုင်ငံကုန်သွယ်ရာဂိတ်ဖြစ်တဲ့ ကြူကုတ်(ပန်ဆိုင်း) – ဝမ်တိန် နယ်စပ်ဂိတ် ကနေ ကုန်ကားတွေ အဝင်အထွက်ကို မနေ့ မတ်လ ၂၀ ရက် မနက် ၆ နာရီခန့်က စတင်ခွင့်ပြု ဖွင့်လှစ်လိုက်ကြောင်း မူဆယ်ခရိုင် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“ဟုတ်တယ်ဖွင့်တယ် (အဓိက ဘာတွေဝင်ထွက်လို့ ရလဲ) အဲဒါတော့ အသေးစိတ်တော့ ကျနော်လည်း မသိရသေးဘူး။ သတင်း ဒေတာတွေလည်း မရသေးလို့လေ။”လို့ မနေ့ မတ် ၂၀ရက်က မူဆယ်ခရိုင် ပြန်/ဆက် ဦးစီးဌာနမှူး ဦးအယ်စိုးထန်တူးက VOM ကို ပြောပါတယ်။

ပန်ဆိုင်းမြို့မှာ အလုပ်လုပ်နေတဲ့ ဒေသခံ တဦးက လည်း “မနေ့က မနက်ဖွင့်ပြီ။ ကုန်ကားတွေတော့ ဝင်ထွက်လို့ ရပြီ။” လို့ ပြောပါတယ်။

ပို့ကုန်ပစ္စည်းတွေဖြစ်တဲ့ သစ်သီး နဲ့ ကြံကို ခြောက်ဘီး၊ ဆယ့်နှစ်ဘီး၊ တွဲကားတို့နဲ့ တင်ပို့ခွင့်ပြုပြီး မြန်မာဘက် အပြန်ကို ခါလီသာ ခွင့်ပြုတယ်လို့ နယ်စပ် ကုန်သည်တွေက ပြောပါတယ်။

တရုတ်ဘက်ကနေ မြန်မာဘက်ထဲ သွင်းကုန်ပစ္စည်းတင်ပြီး ပြန်ထွက်လာချင်ရင် ကျင်းစန်းကျော့ဂိတ် ဘက်ကနေ ပြန်ထွက်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ တရုတ်ဘက်က သွင်းကုန်ကို လူသုံးကုန်၊ ဆေးဝါး၊ လျှပ်စစ်ပစ္စည်း နဲ့ စားသောက်ကုန်တွေကို ခြောက်ဘီးနဲ့သာ တင်သွင်းခွင့်ပြုမှာဖြစ်တယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။

ကြူကုန် (ပန်ဆိုင်း) – ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ကစပြီး တရုတ်ဘက်က ကိုဗစ်အကြောင်းပြချက်နဲ့ ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကစ တရုတ်နိုင်ငံ တနိုင်ငံလုံး ကိုဗစ် သုညစနစ် ဖြေလျှော့လိုက်ပြီး တရုတ် နဲ့ မြန်မာ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပြန်လည်ဖွင့်လှစ်လာခဲ့တာဖြစ်ပြီး မြန်မာဘက်ခြမ်းမှာလည်း ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစ နယ်စပ်ဂိတ်တွေကို တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာနဲ့ တရုတ် နယ်စပ် တရားဝင်ဂိတ်တွေကို အားလုံးဖွင့်လှစ်လိုက်ပြီဖြစ်ပေမယ့် တဂိတ်နဲ့ တဂိတ် အဝင်အထွက် သတ်မှတ် ကန့်သတ်ချက်တွေ မတူညီပါဘူး။

လူဝင်လူထွက်အနေနဲ့ နန်းတော် – ဂျယ်ကောင်ဂိတ်၊ လူ နဲ့ ယာဉ်ငယ်တွေကို ဆင်ဖြူ – ဂျယ်ဂေါင်ဂိတ်၊ ၆ ဘီး ကုန်တင်ယာဉ်တွေကို မန့်ဝိန်း – ကျယ်ဂေါင်ဂိတ်၊ ၈ ဘီး အထက် ကုန်တင်ယာဉ်တွေကို ကျင်းစန်းကျော့ – ဝမ်တိန်ဂိတ် နဲ့ ကြူကုတ် (ပန်ဆိုင်း) – ဝမ်တိန်ဂိတ်၊ ချင်းရွှေဟော် – မိန်းတိန်ဂိတ် ကနေ ၁၂ ဘီး ကုန်တင်ယာဉ် စသဖြင့် ဝင်ထွက်ခွင့်ပြုတာဖြစ်ပါတယ်။

နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီကိုတော့ လက်ရှိမှာ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ မြို့နယ်တွေထဲက အိမ်ထောင်စုစာရင်းကိုင်ဆောင်ထားသူတွေကိုသာ ထုတ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

Photo Crd-ကုန်သည် ၁ ဦး
#voiceofmyanmar #VOM #ကြူကုတ်(ပန်ဆိုင်း) #ဝမ်တိန် #ကုန်သွယ်ဂိတ်ပြန်ဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW