ထိုင်းနိုင်ငံ ကန်ချနာဘူရီမှာ မြန်မာ ၁၂ ဦး ထပ်မံဖမ်းဆီးခံရ

မတ် ၂၁-၂၀၂၃
MM(VOM)

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းမှာ မြန်မာနိုင်ငံသား ၁၂ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအခြေစိုက် မြန်မာလုပ်သားတွေကို ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

အဲ့ဒီ မြန်မာနိုင်ငံသား ၁၂ ယောက်ကို မနေ့ မတ် ၂၀ရက် မနက် ၁၀ နာရီခန့်က ကန်ချနဘူရီခရိုင်အတွင်းမှာ ထိုင်းရဲတပ်ဖွဲ့တွေက လုံခြုံရေးအတွက် ပုံမှန် စစ်ဆေးရေးလုပ်နေချိန် ပစ်ကပ်ကား အနက်ရောင်(၁)စီးဟာ စစ်ဆေးဂိတ်အရောက် ရပ်တန့်မပေးဘဲ အရှိန်ပြင်းပြင်း တိမ်းရှောင်မောင်းနှင်သွားတာကြောင့် လိုက်လံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

”မြန်မာလုပ်သား ၁၂ ယောက်ပါတဲ့ မောင်းပြေးတဲ့ ကားကို ကီလိုမီတာ ၄၀ ခန့်လောက်အကွာမှာ ရပ်တန့် ဖမ်းဆီးလိုက်တာ၊ ကားရဲ့အရှေ့ခန်းနဲ့ အမိုးအုပ်ထားတဲ့ ကား အနောက်ခန်းတွေမှာ အမျိုးသား ၄ဦး၊ အမျိုးသမီး ၇ ဦးနဲ့ ကလေး ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့တာပါ။”လို့ ထိုင်းအခြေစိုက် မြန်မာလုပ်သားတွေကို ကူညီပေးနေတဲ့ ကိုသက်ပိုင်ကပြောပါတယ်။

အဲ့ဒီ မြန်မာလုပ်သားတွေကို အသက် ၃၇ နှစ်အရွယ်
ထိုင်းလူမျိုး ကားသမားတဦးက ထိုင်းနိုင်ငံ၊စံခလဘူ ရီမြို့ကနေ ကန်ချနဘူရီမြို့ကို ပို့ဆောင်ခ ဘတ် ၇၀၀၀ ကနေ ၈၀၀၀ အထိ ယူပြီး ခေါ်ဆောင်လာတာလို့ သိရပါတယ်။

လက်ရှိမှာ ဖမ်းဆီးရမိတဲ့ မြန်မာအလုပ်သမားတွေ အပါအဝင် ထိုင်းလူမျိုး ယာဉ်မောင်းကိုပါ ကန်ချနဘူရီ ရဲစခန်းကို ပို့ဆောင်ထားပြီး ဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။

အခု မတ်လ ၁၆ ရက်ကလည်း ကန်ချနဘူရီခရိုင်အတွင်း အလုံပိတ်ကား(၁)စီးပေါ်မှာ မြန်မာနိုင်ငံသား ၃၃ယောက်ကို ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံကို သွားမယ့် မြန်မာလုပ်သား ၂၇ ယောက်ကိုလည်း ထိုင်းနိုင်ငံ၊ပရကျွပ်မြို့နယ် ထိုင်း-မြန်မာ စင်ခွန် -မောတောင် နယ်စပ်ဂိတ်မှာ မတ်လ ၁၅ ရက်က ဖမ်းဆီးတာခံလိုက်ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထိုင်း #မြန်မာလုပ်သားဖမ်းဆီးခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW