သင်္ကြန်ကာလ ရှမ်းပြည်(တောင်ပိုင်း)က ဟိုတယ်တွေမှာ ဘိုကင်မှာယူမှု ပုံမှန်အတိုင်းသာ ရှိတယ်လို့ သိရ

မတ်၂၁ – ၂၀၂၃
SN (VOM)

လာမယ့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလ ရုံးပိတ်ရက်တွေအတွက် ရှမ်းပြည် (တောင်ပိုင်း)က ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ အခန်းကြိုတင် ဘိုကင်မှာယူမှု ပုံမှန်အတိုင်းသာ ရှိတယ်လို့ ဒေသခံ ခရီးသွားလုပ်ငန်းရှင်တဦးက ပြောပါတယ်။

သင်္ကြန်ကာလအတွက် ရှမ်းပြည် (တောင်ပိုင်း)က ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ အခန်းကြိုတင် ဘိုကင်မှာယူမှု များပြားနေပြီး တချို့ ဟိုတယ်တွေမှာတော့ ဘိုကင်တွေ ပြည့်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ “ဒီမှာတော့ ပုံမှန်ပဲ။ သင်္ကြန်နားနီးတော့ နည်းနည်းပြန်လာကြတယ်။ အရမ်းကြီး ပြည့်နေတာတွေတော့ မရှိဘူး။ ရှိတယ်ဆိုရင်တောင် တခန်းတည်းရှိတဲ့ နေရာမျိုးတွေလောက်ပဲ ပြည့်လိမ့်မယ်။ ကျန်တဲ့ ဟိုတယ်တွေကတော့ ကျွန်တော်သိရသလောက်ကတော့ ပြည့်တယ်ဆိုတာ မရှိသလောက်ပဲ။ ရှိရင်လည်း ဘတ်ဂျက်သိပ်မများတဲ့နေရာ ငါးခု၊ ခြောက်ခုလောက်ပဲရှိမှာ။ ဒီမှာက ဟိုတယ်ပေါင်းက အခု ၂၀၀ ကျော် ရှိတာကိုး။ ဒါက ရှမ်း (တောင်) ကိုပဲ ပြောတာနော်။ ရှမ်း (တောင်)တောင်မှ တောင်ကြီးမပါသေးဘူး။ ရွာငံ၊ ပင်းတယ၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ ညောင်ရွှေပေါ့။ အဲ့ဒီနေရာတွေမှာတော့ အရမ်းကြီး ပြည့်နေတာတွေ မရှိသေးပါဘူး” လို့ သူက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းရာသီမှာ ကျုံ့နေပြီး အရင်က အောက်တိုဘာလကနေ မေလအထိ နှစ်စဉ် (၈)လ ရှိ‌ခဲ့ပေမယ့် အခု အောက်တိုဘာကနေ ဇန်နဝါရီလအထိ (၄)လသာ ရှိတော့တယ်လို့ သိရပါတယ်။

“အောက်တိုဘာကနေ ဇန်နဝါရီလအထိက ပြည်တွင်းခရီးသွားတွေ လာသေးတယ်။ ကျန်တဲ့ ကာလတွေကတော့ အရမ်းနည်းသွားတယ်။ ချောင်းသာတို့၊ ငွေဆောင်တို့လို ရန်ကုန်နဲ့ အနီးနားတဝိုက်ကတော့ များမှာပေါ့။ လူဦးရေအရမ်းများတဲ့ မြို့နားကပ်ရက်မှာရှိနေတဲ့ နေရာတွေဆိုတော့လေ။ ရှမ်းပြည်ဘက်တွေမှာကတော့ ပုံမှန်ထက် အများကြီးနည်းသွားတယ်” လို့ သူက ပြောပါတယ်။

ဒါပေမယ့် လက်ရှိမှာ သင်္ကြန်ကာလရောက်ရှိဖို့ ရက်ပေါင်း ၂၀ ကျော် လိုသေးတဲ့အတွက် လာမယ့် တပတ်အတွင်းကစပြီး ဟိုတယ်အခန်း ဘိုကင်မှာယူမှုတွေ များပြားလာနိုင်တယ်လို့ သူကပြောပါတယ်။

“မြန်မာတွေရဲ့ ခရီးသွားပုံစံက နိုင်ငံခြားနဲ့မတူဘူး။ဟိုမှာက နှစ်နဲ့ချီပြီး plan ချတာ။ ဒီမှာက အနီးကပ်မှ သွားကြတာများတယ်။ အစောကြီးကတည်းက plan ဆွဲထားရင်လည်း ကျွန်တော်တို့ အတွေ့အကြုံအရ ပျက်တာတို့၊ ရွှေ့တာတို့ရှိတော့ ကျွန်တော်ထင်တယ် နောက်တပတ်လောက်ကနေ စပြီးတော့ ဘိုကင်လုပ်တာတွေ စ‌တော့မယ်ပေါ့။ အခုလည်း စတော့ စနေပါပြီ၊ ဒါပေမယ့် နည်းသေးတယ်”လို့ သူက ပြောပါတယ်။

ဒါ့ကြောင့် သင်္ကြန်ပိတ်ရက် ကာလတွေမှာ လာရောက်ကြမယ့် ပြည်တွင်းခရီးသွားတွေအတွက် လုံခြုံရေးပိုင်း အခြေအနေတွေ၊ အခုထက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကြိုတင် ပြင်ဆင်ထားသင့်တယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက အကြံပြုပါတယ်။

ဒါ့အပြင် ‌ညောင်ရွှေမှာလည်း အင်းလေးရေပေါ်သင်္ကြန် ကျင်းပနိုင်ဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပြီး ဒါနဲ့ပတ်သက်လို့ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးဘူးလို့ သူက ပြောပါတယ်။

ကမ်းခြေဒေသတွေမှာတော့ မကြာခင် ရောက်ရှိမယ့် သင်္ကြန်ပိတ်ရက်တွေအတွက် အခုအချိန်ကတည်းက ဟိုတယ်ဘိုကင်ယူထားမှုတွေ ပြည့်နေပြီဖြစ်သလို မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ ပုဂံဒေသမှာလည်း ဟိုတယ်ဘိုကင် ယူထားမှုတွေ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရှမ်း(တောင်) #သင်္ကြန်ကာလ #အခန်းဘိုကင်မှာယူမှုပုံမှန်သာရှိ

Related posts

Leave a Comment

VOM News

FREE
VIEW