လားရှိုးမှာ လက်နက်ကြီး ပေါက်ကွဲလို့ ရွာသား ၂ ဦးသေဆုံး၊ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိ

မတ်၊၂၄-၂၀၂၃
MM(VOM)

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ နားစောက်ကျေးရွာအုပ်စု၊ ခုမ်စုံရွာ (ကုန်းဆုံရွာ)မှာ မနေ့ မတ်၂၃ ရက် မနက်ပိုင်းက လက်နက်ကြီးပေါက်ကွဲမှု ဖြစ်ပွားကာ ဒေသခံရွာသား (၂)ယောက်သေဆုံးပြီး(၂)ယောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ခုမ်စုံရွာနေ(ကုန်ဆုံရွာ) ဒေသခံတွေဟာ ရွာနဲ့ (၁)မိုင်ခန့်ဝေးတဲ့ ယာခင်းကိုအသွား မပေါက်ကွဲသေးတဲ့ လက်နက်ကြီး (၁)လုံးကိုတွေ့ရှိတာကြောင့် ယာတဲအနီးကို သယ်သွားတဲ့အချိန် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ သိရပါတယ်။

“၂ ယောက်က ပွဲချင်းပြီး သေဆုံးသွားတာ၊ ၂ ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာတွေရရှိခဲ့တယ်၊ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို တွေ့လို့ အခြားနေရာ တခုကို ရွှေ့ရင်းဖြစ်တာပါ၊ အကုန်လူငယ်တွေပါ”လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင် တဦးကပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရသူ (၂)ယောက်မှာ(၁) ယောက်ကတော့ မျက်စိတဖက်ဆုံးရှုံးရပြီးနောက်(၁) ယောက်ကလည်း ရင်ဘတ်တခုလုံး ထိခိုက်ဒဏ်ရတွေ ရရှိသွားတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူနဲ့ ထိခိုက်ဒဏ်ရာတွေရရှိသူတွေဟာ အသက် ၂၅ နှစ်နဲ့ ၃၀ ကြားရှိ အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဒေသတွေမှာ တိုက်ပွဲမဖြစ်တာ အချိန်(၁)ပတ် ခန့်အထိရှိနေပြီလို့သိရပြီး ခုမ်စုံရွာနဲ့အနီးပတ်ဝန်း ကျင်မှာတော့ အခုလို မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေကျန်ရှိနေသေးတာကို တွေ့ရတယ်လို့ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ရှမ်းပြည်နယ်မှာ အခုလို လက်နက်ကြီး ကျပေါက်ကွဲမှုတွေကြောင့် လစဉ်(၁၀)ယောက်ထက်မနည်း သေဆုံးနေရတဲ့အတွက် မိုင်းအန္တရာယ်လျှော့ချရေးအသိပညာပေးလုပ်ငန်းတွေ၊ မိုင်းရှင်းလင်းတဲ့လုပ်ငန်းတွေကို သက်ဆိုင်ရာက ဦးဆောင်ကာ စနစ်တကျ စစ်ဆေးဆောင်ရွက်ပေးဖို့ မျှော်လင့်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

#voiceofmyanmar #VOM #လားရှိုး #မိုင်းပေါက်ကွဲ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW