သာပေါင်းမှာ တောဆင်ရိုင်း နင်းခံရပြီး အမျိုးသမီးတဦး သေဆုံး

မတ်လ၊ ၂၉-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာမှာ မနေ့ မတ် ၂၈ ရက်က အမျိုးသမီးတဦး တောဆင်ရိုင်းအနင်းခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

”ဆင်ရိုင်းက ရွာထဲကိုဝင်လာပြီး သူတို့အိမ်ကိုလာတိုက်ခိုက်တာ၊ ဒီအတိုင်းကြည့်နေလို့မရဘူးဆိုပြီး သားဖြစ်တဲ့သူက ဆင်ကို လိုက်မောင်းထုတ်တာ၊အမေကသားကို အနောက်ကနေလိုက်ပြီး သတိထားဖို့ လှမ်းအော် သတိပေးတာ၊ ဒါကိုဆင်ကတွေ့ပြီး ပြန်လှည့် နင်းတာ၊ ဆင်အနင်းခံရပြီး အမျိုးသမီးရဲ့ခန္ဓာကိုယ်အလယ်ပိုင်း အူပွင့်ထွက်သွားပြီး သေဆုံးသွားတာ။”လို့ ဒေသခံတဦးကပြောပါတယ်။

ဆင်နင်းခံရလို့ သေဆုံးသွားသူဟာ အသက် ၅၁ နှစ်အရွယ် လှေကြီးတက်ကျေးရွာနေ ဒေါ်ရီရီတင်ဖြစ်ပြီး သေဆုံးသူ ဒေါ်ရီရီတင်ရဲ့ ရုပ်အလောင်းကို ရဲတပ်ဖွဲ့နဲ့ သစ်တောဦးစီးဌာနက သာပေါင်းမြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

”သေဆုံးသူက အသက် ၅၀ ကျော်ဟုတ်ပါတယ်၊ ဆင်ရိုင်းအန္တရာယ်နဲ့ပတ်သက်လို့ ဆင်ရိုင်းအန္တရာယ်ရှိနိုင်တဲ့ဒေသတွေက ဒေသခံတွေကို အမြဲသတိပြုဖို့ ကွင်းဆင်းအသိပေးထားပြီးသားပါ၊ အခုကတော့ ဆင်ကရွာထဲဝင်လာပြီး ရန်ပြုတာခံလိုက်ရတာပါ၊ ဆင်ရိုင်းတွေ အခုလိုရွာထဲဝင်လာရင် သက်ဆိုင်ရာ သစ်တောဌာန ၊ ရဲတပ်ဖွဲ့တွေဆီ
အကြောင်းကြားပါ၊ကိုယ့်ဟာကို မမောင်းထုတ်ပါနဲ့ ဒါ့မှအခုလို မလိုလားတဲ့ ဖြစ်စဉ်တွေ မဖြစ်မှာပါ။”လို့ သစ်တောဦးစီးဌာနက တာဝန်ရှိသူတဦးကပြောပါတယ်။

အခုလို ဆင်ရိုင်းတွေ တောထဲဝင်လာပြီး လူကိုအန္တရယ်ပြုတဲ့အထိ ဖြစ်လာတာဟာ မှောင်ခို ဆင်သတ်သမားတွေ သတ်ဖြတ်တာကြောင့် ကြောက်လှန့်ပြီး လူတွေရှိတဲ့ဆီကို ရောက်လာတာဖြစ်တယ်လို့ သစ်တောတာဝန်ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

သာပေါင်းမြို့နယ်၊ ပျဉ်းမထုံးကျေးရွာအုပ်စု၊ကတွတ်ပင်ချောင်းတဲစုအနောက်တောင်ဘက် တင်ဆိပ်၊ သီဟိုခြံအတွင်းမှာ အခု မတ်လ၂၃ ရက်က အသက် ၃၄ နှစ်အရွယ်ရှိ အမြင့် ၈ ပေ ၊ ကျောအလျား ၇ ပေ ၂ လက်မ၊ လုံးပတ် ၁၃ ပေ၊ ၆ လက်မရှိတဲ့စွယ်စုံဆင်ထီးတကောင် အဆိပ်သင့်ဒဏ်ရာနဲ့ ပြည်တည်ကာသေဆုံးနေတာကို သစ်တောဦးစီးဌာနကတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ခုနှစ်အတွင်း သာပေါင်းမြို့နယ်မှာ ဆင်ရိုင်း အနင်းခံရလို့သေဆုံးတာဟာ ပထမဆုံးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်နိုဝင်ဘာ(၂၂) ရက်ကတော့ သစ်ခုတ် ဝါးခုတ်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်တဲ့ပျဉ်းမထုံးကျေးရွာအုပ်စု၊ ဆနွင်းကွင်းကျေးရွာက အသက် ၄၅ နှစ်အရွယ် ကိုကျော်မိုးဦးဆိုသူ ဆင်းရိုင်းနင်းသတ်ခံရပြီး သေဆုံးခဲ့ရသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ပထမ အပတ်ကလည်း သာပေါင်းမြို့နယ်မှာ တာဝန်နဲ့ကွင်းဆင်းတဲ့ သစ်တောဝန်ထမ်း တဦး တောဆင်ရိုင်းနင်းခံရတာကြောင့် သေဆုံးသွားတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့သေးတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #သာပေါင်း #တောဆင်ရိုင်းနင်း #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW