လက်ရှိကာလနဲ့ မြန်မာ့ခရီးသွားကဏ္ဍ

မတ် ၃၁ – ၂၀၂၃
SN (VOM)

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ နိုင်ငံရေးဖြစ်စဥ်ပြောင်းလဲမှုတွေကြောင့် ခရီးသွားကဏ္ဍအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။

မြန်မာနိုင်ငံရဲ့အခု ၂၀၂၃ ခုနှစ် ခရီးသွားရာသီဖြစ်တဲ့ ဇန်နဝါရီကနေ မတ်လကုန်အထိ ပြည်တွင်း၊ ပြည်ပ ခရီးသွား အရေအတွက် သိသိသာသာလျော့နည်းလာနေတာ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာတော့ နှစ်စဉ် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် သန်းနဲ့ချီ ဝင်ရောက်နေတဲ့ ကျိုက်ထီးရိုးစေတီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့ အခုနှစ်၊ ဇန်နဝါရီလကုန်အထိ ခရီးသွားရောက်မှု ၆၀,၀၀၀ ကျော်သာ ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်းက နေရာအနှံအပြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို အထူးသဖြင့် ထိုင်းလူမျိုးတွေ လာရောက်မှု အများဆုံးဖြစ်တဲ့ ကျိုက်ထီးရိုးနဲ့ အင်းလေးဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ အလာများကြတဲ့ ပုဂံဒေသ အညာမြေမှာလည်း တည်ငြိမ်အေးချမ်းမှုတွေ ပျောက်ဆုံးနေတာပါ။ တိုက်ပွဲတွေနဲ့အတူ နယ်မြေမတည်ငြိမ်တာ၊ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေဟာ မြန်မာ့ခရီးသွားကဏ္ဍ တခုလုံးအပေါ် သက်ရောက်မှု ကြီးမားလာနေပြီး အနှုတ်လက္ခဏာ ဆောင်နေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

အခု ၂၀၂၃ ခုနှစ်၊ ပထမသုံးလ ခရီးသွားရာသီအစမှာလည်း ခရီးသွားဝင်ရောက်မှု မျှော်မှန်းထားသလို မဖြစ်ခဲ့တာကြောင့် လာမယ့် ဆောင်းရာသီ ခရီးသွားချိန်ဖြစ်တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာလည်း ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအစဉ်တွေ သေချာမချမှတ်နိုင်ဘူးဆိုရင် မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းတွေအတွက် စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

“ကျွန်‌တော့်အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ခရီးသွားလုပ်ငန်းက နိုင်ငံရေးမတိုင်ခင်ကထက်စာရင်တော့ အများကြီး သိသိသာသာကြီးကို ဆိုးဆိုးရွားရွား ထိခိုက်သွားတာပေါ့။ ဒါပေမယ့် ၂၀၂၀ ကိုဗစ်အခြေအနေကနေ ၂၀၂၁ နိုင်ငံရေး အခြေအနေကြောင့် လျော့နည်းသွားတဲ့ ခရီးသွားဦးရေက အခုက ၂၀၂၃ ခုနှစ် ရောက်ပြီဆိုတော့ ၂၀၂၁ ထက်စာရင် နည်းနည်းချင်းစီ ပြန်တက်လာတာပေါ့။ ဒါကလည်း ကြာလည်းကြာသွားပြီဆိုတော့ လူတွေက အရမ်းမွန်းကြပ်လာပြီ၊ ခရီးတွေလည်း စပြီးသွားလာနေပြီ၊ အဲ့ဒီလိုလေးတော့ ရှိပါတယ်”လို့ ခရီးသွားလုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းရာသီမှာ ကျုံ့နေပြီး အရင်က အောက်တိုဘာလကနေ မေလအထိ နှစ်စဉ် (၈)လ ရှိ‌ခဲ့ပေမယ့် အခု အောက်တိုဘာလကနေ ဇန်နဝါရီလအထိ (၄)လသာ ရှိတော့တယ်လို့ သူက ပြောပါတယ်။

ပြည်တွင်းက ခရီးသွားတွေအပြင် ပြည်ပက ခရီးသွားတွေလည်း ဝင်ရောက်မှု နည်းသွားတာကြောင့် ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဟိုတယ်၊ တည်းခိုခန်း၊ ဧည့် လမ်းညွှန်နဲ့ အမှတ်တရပစ္စည်းရောင်းချတဲ့ လုပ်ငန်းတွေမှာလည်း ဝင်ငွေမရှိသလောက် လျော့နည်းလာနေတယ်လို့ သိရပါတယ်။

မြန်မာ့ရိုးရာ ယွန်းထည်လုပ်ငန်းကို အဓိကအများဆုံးလုပ်ကိုင်နေတဲ့ ပုဂံဒေသမှာ အခုဆိုရင် လုပ်ငန်းတွေ ရပ်တန့်နေတာ အချိန်နှစ်နှစ်ကျော်ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကြောင့် အခုအချိန်မှာ ယွန်းထည်လုပ်ငန်းတွေ ရပ်တန့်နေရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီအလုပ်က အဆင်မပြေတော့လို့ တခြားအလုပ်တွေကို ပြောင်းလုပ်နေကြတဲ့သူတွေ ရှိတယ်။ အလုပ်လက်မဲ့ ဖြစ်သွားတဲ့သူတွေလည်းရှိတယ်“လို့ ပုဂံဒေသခံတဦးက ပြောပါတယ်။

ပုဂံဒေသခံရဲ့ အခြားသော ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်တွေဖြစ်တဲ့ မြင်းလှည်းမောင်းသူတွေနဲ့ E Bike (ဘက်ထရီဆိုင်ကယ်) ငှားရမ်းတဲ့လုပ်ငန်း လုပ်ကိုင်သူတွေဟာလည်း စားဝတ်နေရေး အဆင်ပြေစေဖို့ မြင်းတွေ ပြန်ရောင်းတာ၊ E Bike တွေ ပြန်ရောင်းတာတွေနဲ့ အသက်ဆက်နေကြရတယ်လို့ သိရပါတယ်။

အဲ့ဒီလိုပဲ နိုင်ငံခြားသားတွေ အလည်အပတ်များတဲ့ နေရာတခုဖြစ်တဲ့ အေးချမ်းပြီး စိမ်းစိုသာယာလှတဲ့ ရှုမျှော်ခင်းတွေရှိရာ ရှမ်းပြည်နယ်ရဲ့ လက်ရှိ အနေအထားဟာလည်း ပြည်ပခရီးသွားမဆိုထားနဲ့ ပြည်တွင်းခရီးသွားတွေပါ လာရောက်မှု လျော့နည်းနေတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

“အောက်တိုဘာကနေ ဇန်နဝါရီလအထိက ပြည်တွင်းခရီးသွားတွေ လာသေးတယ်။ ကျန်တဲ့ ကာလတွေကတော့ အရမ်းနည်းသွားတယ်။ ချောင်းသာတို့၊ ငွေဆောင်တို့လို ရန်ကုန်နဲ့ အနီးနားတဝိုက်ကတော့ များမှာပေါ့။ လူဦးရေအရမ်းများတဲ့ မြို့နားကပ်ရပ်မှာရှိနေတဲ့ နေရာတွေဆိုတော့လေ။ ရှမ်းပြည်ဘက်တွေမှာကတော့ ပုံမှန်ထက် အများကြီးနည်းသွားတယ်” လို့ ဒေသခံ ဟိုတယ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

အဲ့ဒီ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ထဲက ပြည်တွင်း၊ ပြည်ပခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာတခုဖြစ်တဲ့ သီပေါမြို့ဟာ ဟိုးအရင်က ရှမ်းစော်ဘွားတွေနေထိုင်ရာ မြို့တမြို့ဖြစ်ပါတယ်။ ရှမ်းတောင်တန်းတွေနဲ့ တောတွင်း လမ်းလျှောက်ကာ သဘာဝရှုခင်း ကြည့်ရှုခြင်းကို နှစ်သက်တဲ့ ခရီးသွားတွေအတွက် အကြိုက်တွေ့စရာ ဒေသတခုဖြစ်ပြီး ရှေးဟောင်း သီပေါဟော်နန်းဟာလည်း ခရီးသွားတွေအကြား နာမည်ကြီးလှတဲ့ နေရာတခုဖြစ်ပါတယ်။

အဲ့ဒီလိုပဲ နိုင်ငံခြားသားတွေ လည်ပတ်ဖို့ နှစ်သက်တဲ့ ရှမ်းပြည် (တောင်ပိုင်း) ကလောမြို့ရဲ့ ခရီးသွားလုပ်ငန်းဟာလည်း ကိုဗစ်ကြောင့် ကျဆင်းနေချိန် လက်ရှိအခြေအနေတွေကြောင့် ပြည်တွင်းခရီးသွားတွေတောင် မလာရောက်နိုင်တော့တဲ့ အခြေအနေဖြစ်နေရပါတယ်။

“ပြည်ပခရီးသွား ဝင်ရောက်မှုနဲ့ ပတ်သက်လို့ အရင်အချိန်နဲ့ လက်ရှိ အနေအထားကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လက်ရှိက မြန်မာနိုင်ငံအတွင်းမှာ တည်ငြိမ်မှု မရှိသေးဘူးလို့ ပြည်ပနိုင်ငံတွေက ထင်မြင်ယူဆတဲ့အတွက်ကြောင့် အခုလက်ရှိ ဝင်ရောက်မှု နည်းနေတာဖြစ်ပါတယ်”လို့ ဧည့်လမ်းညွှန်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍမှာ ပြည်ပခရီးသွား ဝင်ရောက်မှု အခြေအနေဟာ ၂၀၀၃ ခုနှစ်ကစလို့ ၂၀၀၆ ခုနှစ်အထိ အားကောင်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိမှာတော့ ခရီးသွားကဏ္ဍ ပြန်လည်ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာ့ခရီးသွားကဏ္ဍဟာ ၂၀၁၂ ခုနှစ်ကစတင်လို့ ၂၀၁၉ ခုနှစ်အထိ အားအလွန်ကောင်းခဲ့တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

၂၀၁၉ ခုနှစ် တနှစ်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ပြည်ပခရီးသွားဝင်ရောက်မှုဟာ ၄ ဒဿမ ၄ သန်းခန့်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ကိုဗစ်နဲ့ နိုင်ငံရေးဖြစ်စဥ်ပြောင်းလဲမှုတွေကြောင့် လက်ရှိအချိန်အထိ မြန်မာ့ခရီးသွားကဏ္ဍမှာ ပြည်ပခရီးသွားဝင်ရောက်မှုဟာ ဆက်လက် ကျဆင်းနေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

နိုင်ငံတနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ပြည်တွင်းခရီးသွားထက် ပြည်ပခရီးသွား ဝင်ရောက်မှုပိုများရင် နိုင်ငံရဲ့ GDP (Gross Domestic Product) လည်း တက်တဲ့အတွက် ပြည်ပခရီးသွား ဝင်ရောက်မှုဟာ နိုင်ငံတနိုင်ငံအတွက် အလွန်အရေးပါတယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာ့ခရီးသွားကဏ္ဍ အခြေအနေဟာ ကိုဗစ်ရောဂါက အစပြုလို့ နိုင်ငံရေးပြောင်းလဲမှုတွေကြားမှာ အလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်း ပုဂံမှသည် မြန်မာပြည်မြောက်ပိုင်း နှင်းဖုံးပူတာအို၊ အေးမြတဲ့ ရာသီဥတုနဲ့ ရေမြေတောတောင်ရှုခင်း အရမ်းကိုလှပတဲ့ ရှမ်းပြည်တကြော ကလော၊ အင်းလေးကန် အပါအဝင် ပင်လယ်ပျော်တို့ နှစ်သက်ရာ အရှေ့တောင်အာရှရဲ့ အလှဆုံးကမ်းခြေ စာရင်းဝင်များတည်ရှိတဲ့ အောက်ပိုင်းဒေသအထိ မြန်မာ့ခရီးသွားကဏ္ဍ အားလုံးအပေါ် သက်ရောက်မှု ကြီးမားနေပါတယ်။

ဒါ့ကြောင့် စိုးရိမ်ရေမှတ်ရောက်နေတဲ့ မြန်မာ့ခရီးသွားကဏ္ဍအတွက် ပြည်ပခရီးသွားတွေ ပြန်လည် ဝင်ရောက်လာဖို့ နည်းလမ်းမျိုးစုံနဲ့ ဆွဲဆောင်နိုင်ဖို့ လိုအပ်သလို ဝန်ကြီးဌာနအနေနဲ့လည်း အသင်းအဖွဲ့တွေ၊ သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်သူတွေရဲ့ အကြံပြုမှုတွေကို နားထောင်ဖို့ လိုအပ်တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေက တိုက်တွန်း ပြောဆိုထားပြီး ကျဆင်းသွားတဲ့ ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့လာဖို့ မည်သို့မည်ပုံ မြှင့်တင်မည်ကို စောင့်ကြည့်ရန်သာ ရှိပါတော့တယ်။ ။

#voiceofmyanmar #VOM #ခရီးသွားကဏ္ဍ #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW