နမ့်စန်မှာ မီးလောင်မှုဖြစ်ပြီး အမျိုးသမီး(၁)ဦးသေဆုံး

ဧပြီ ၃-၂၀၂၃
MM(VOM)

ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့မှာ ဒီကနေ့ ဧပြီ ၃ရက် မနက်အစော တနာရီဝန်းကျင်ကနေအိမ်(၁)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး အမျိုးသမီး (၁)ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ မီးလောင်မှုဟာ ဝက်စာချက်ရာကနေ မီးလောင်မှုစတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းတဲ့ နေအိမ်က အမျိုးသမီး(၁)ယောက်မှာ မီးခိုးမွှန်ကာ အသက်ရှူကြပ်ရာကနေ မီးလောင်ကျွမ်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“အခု မီးထဲပါသွားတဲ့သူကတော့ ဆွံ့အနားမကြားသူပါ၊ ဒါ့ကြောင့် မီးလောင်တာကို မသိဖြစ်ပြီး သေဆုံးခဲ့ရတာ၊ အိမ်တလုံး မီးထဲပါသွားပြီး လူတယောက် သေဆုံးသွားတာ၊ အခြားအိမ်တွေ မီးကူးစက်လောင်ကျွမ်းတာမရှိဘူး၊”လို့ မီးသတ်တာဝန်ရှိသူတဦးကပြောပါတယ်။

အဲဒီမီးလောင်မှုဖြစ်ပွားရာနေရာကို နမ့်စန်မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီးတို့နဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက် ၁ နာရီ ၄၅ မိနစ်အချိန်လောက်မှာ မီးငြိမ်းသွားခဲ့တယ်လို့သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို နမ့်စန် ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို လူမှုကူညီရေးအဖွဲ့တွေက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်က ခေးနင်းကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားကာ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊လွယ်ဆိုင်ကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက် မနက် ၇နာရီ​က ဖယောင်းတိုင်နဲ့ ဘုရားမီးပူဇော်ရာကနေ နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ(၁)ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နမ့်စန် #မီးလောင်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW