ဧရာဝတီတိုင်းမှာ ဆင်ရိုင်း အနင်းခံရပြီး(၁)ဦးသေဆုံး၊(၁)လအတွင်း တောဆင်ရိုင်းအနင်းခံရလို့ သေဆုံးသူ (၄)ဦးအထိရှိလာ

ဧပြီ၊ ၃-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာအုပ်စု၊ တပ်ကုန်းရွာက အမျိုးသားတဦး တောဆင်ရိုင်း အနင်းခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တောဆင်ရိုင်း နင်းခံရပြီး သေဆုံးသူဟာ အသက် ၅၆ နှစ်အရွယ်အမျိုးသားဖြစ်ပြီး တပ်ကုန်းရွာအနောက်ဖက်၊ လယ်ကွင်းအနီးက ရှောက်ချောင်းချောင်းအတွင်းမှာ ဧပြီ ၁ ရက် ရေချိုးနေချိန် တောဆင်ရိုင်း အုပ်စုနဲ့တွေ့ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

”ဆင်ရိုင်းတွေ အနင်းခံရပြီး သေဆုံးရသူက မတ်လ ၂၈ ရက် ကနေ ဧပြီလ ၂ ရက်အထိ ၄ ယောက်ရှိလာတယ်၊ လတ်တလောအနေနဲ့ အသက် ၅၆ နှစ်အရွယ် ဦးကြည်လွင် ရေချိုးနေတဲ့အချိန် ဆင်ရိုင်း အနင်းခံရလို့ သေဆုံးသွားတာ၊ ဒါ့ကြောင့် တောထဲ အလုပ်နဲ့ သွားတာပဲဖြစ်ဖြစ် နေအိမ်မှာနေတာပဲဖြစ်ဖြစ် ဆင်ရိုင်းတွေနဲ့နီးစပ်တဲ့ဒေသကသူတွေအနေနဲ့ သတိနဲ့သွားလာနေထိုင်ဖို့ပြောချင်ပါတယ်။ဆင်ရိုင်း အန္တရာယ်ပြုခံရလို့ သေဆုံးသူတွေထဲမှာ သာပေါင်းမြို့နယ်က ၃ ယောက်နဲ့ အများဆုံးပဲ။”လို့ တာဝန်ရှိသူတဦးကပြောပါတယ်။

ဒါ့ကြောင့် ဧရာဝတီတိုင်းမှာ မတ်လ(၁)လအတွင်း တောဆင်ရိုင်းတွေနင်းသတ်ခံရတာကြောင့် သေဆုံးသူ(၄) ယောက်အထိရှိလာပြီလို့ သိရပါတယ်။

ဧရာဝတီတိုင်းထဲက သာပေါင်း ၊ ငရုတ်ကောင်း ၊ ဂေါ်ရင်ဂျီ ၊ ဟိုင်းကြီးကျွန်း ၊ ငပုတောစတဲ့ ဒေသတွေက တောဆင် ရိုင်းတွေ အန္တရာယ်ပြုလာနိုင်တဲ့ အခြေအနေရှိတာကြောင့် ဆင်ရိုင်းအန္တရာယ်ကို သတိပြုနေထိုင်ဖို့လိုတယ်လို့ တာဝန်ရှိသူတွေရဲ့အကြံပြုချက်အရ သိရပါတယ်။

”တောဆင်ရိုင်းတွေ အန္တရာယ်ပြုလာတာ မကြာခဏကြားနေရတယ်၊ ဆင်တွေ လူတွေရှိတဲ့နေရာ ရောက်လာတာက လူတွေက ဆင်တွေကို အရင်ဆုံးရန်ရှာ သတ်ဖြတ်လာတာတွေကြောင့်လေ၊ အခုကျတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပေါ့ ၊ သာပေါင်းမှာအဖြစ်များနေပေမယ့် အခြားဒေသတွေလည်း သတိထားပါ၊ ဆင်သတ်မုဆိုးတွေကိုတွေ့ရင်လည်း သက်ဆိုင်ရာကို အကြောင်းကြားပါ၊ ဆင်ရိုင်းတွေ
လာရင်လည်း ကိုယ့်ဖာသာ မမောင်းထုတ်ပါနဲ့ နာလည် တတ်ကျွမ်းတဲ့သူတွေ ဌာနဆိုင်ရာတွေကို အကြောင်းကြားပါ။”လို့ သစ်တောဦးစီးဌာနက တာဝန်ရှိသူ တဦးပြောပါတယ်။

(၁)လအတွင်း တောဆင်ရိုင်းနင်းသတ်ခံရလို့ သေဆုံးသူတွေဟာ အသက်(၅၀)ကျော်အရွယ် အမျိုးသား(၁)ယောက် နဲ့ အမျိုးသမီး(၃)ယောက်ဖြစ်တယ်လို့ သိရပါတယ်။

တောဆင်ရိုင်းတွေ လူနဲ့နီးစပ်တဲ့ နေရာတွေကိုရောက်လာခဲ့ရင် ဒေသခံတွေက အကြောင်းကြားတဲ့အခါ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ရဲတပ်ဖွဲ့နဲ့ သစ်တောဦးစီးဌာနတို့က ပူးပေါင်းကာကွန်ဂျီဆင်(ဆင်ယဉ်)တွေနဲ့တောဆင်ရိုင်းတွေကို လူတွေနဲ့ ဘေးကင်းရာဆီ ပို့ဆောင်တယ်လို့ သိရပါတယ်။

သာပေါင်းမြို့နယ်မှာ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ(၂၂) ရက်ကလည်း သစ်ခုတ် ဝါးခုတ်လုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းလုပ်တဲ့ ပျဉ်းမထုံးကျေးရွာ အုပ်စု၊ ဆနွင်းကွင်းကျေးရွာက အသက် ၄၅ နှစ်အရွယ် ကိုကျော်မိုးဦးဆိုသူ ဆင်းရိုင်းနင်းသတ်ခံရပြီး သေဆုံးခဲ့ရသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ပထမ အပတ်ကလည်း သာပေါင်းမြို့နယ်မှာ တာဝန်နဲ့ကွင်းဆင်းတဲ့ သစ်တောဝန်ထမ်းတဦး တောဆင်ရိုင်းနင်းခံရတာကြောင့် သေဆုံးသွားတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #ဆင်ရိုင်း #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW