ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံအချို့ တရားရုံးလက်ခံ၊ နှစ်လအကြာမှာ ကြားနာဖွယ်ရှိ

နေပြည်တော် ၊ ဧပြီ-၂၀-၂၀၂၃
မျိုးဆက်(VOM)

အဂတိလိုက်စားမှုအပါအ၀င် စွဲချက်တွေနဲ့ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေအတွက် အယူခံအချို့ကိုကြားနာဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဧပြီ ၁၉ ရက်က လက်ခံလိုက်ပါတယ်။

အသက် ၇၈ နှစ်အအရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် တရားစွဲဆိုမှုတွေပြုလုပ်ခဲ့ကာ လက်ရှိမှာတော့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပါတယ်။

တရားရုံးချုပ်ဟာ အယူခံတွေကိုကြားနာမယ့်ရက်ကို မသတ်မှတ်ရသေးပေမယ့် ပြစ်ဒဏ်လျှော့ပေါ့ရေး အပါအ၀င် တင်သွင်းထားတဲ့ အယူခံတွေကို လာမယ့်နှစ်လအတွင်း ကြားနာနိုင်တယ်လို့ အမှုနဲ့နီးစပ်တဲ့ ဥပဒေအရာရှိတဦးကပြောပါတယ်။

တရားလွှတ်တော်ချုပ်က လက်ခံလိုက်တဲ့အယူခံတွေကတော့ ရဟတ်ယာဉ် ၀ယ်ယူမှုနဲ့ဆိုင်တဲ့ အဂတိအမှုတွေနဲ့ ရွေးကောက်ပွဲမသမာမှုစွဲချက် ရာဇသတ်ကြီးပုဒ်မ- ၁၃၀(က)၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ-၃(၁)(ဂ) အမှုတွေဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

လက်ရှိမှာတော့ အမှုပေါင်း ၁၉ မှုအတွက်ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင်က သီးသန့်နေရာတခုမှာ အကျဉ်းကျနေပါတယ်။

Ref:CNA
#voiceofmyanmar #VOM #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW