မြောက်ဦးမှာ ရွှေဆိုင်တဆိုင် လုယက်ခံရပြီး ရွှေထည် ပစ္စည်းအစုံ ၂၀ ကျပ်သားကျော် ပါသွား

ဧပြီ ၈-၂၀၂၃
MM(VOM)

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်က ရွှေဆိုင်တဆိုင်မှာ မနေ့ ဧပြီ ၇ ရက်က ရွှေဝယ်ဟန်ဆောင်ကာ လုယက်ခံရပြီး ရွှေထည်ပစ္စည်းအစုံ ၂၀ ကျပ်သားကျော် ပါသွားတယ်လို့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

အမျိုးသား(၁)ယောက်က မြောက်ဦးမြို့၊ တောင်ရပ်(၅)လမ်းမှာ ဖွင့်ထားတဲ့“ဦးစိန်ရွှေဌေးနဲ့ဒေါ်မသိန်းတင်” ရွှေဆိုင်ကိုရောက်လာပြီး ရွှေဝယ်ဟန်ဆောင်ကာ ဆိုင်ထဲမှာပြသထားတဲ့ ရွှေထည်ပစ္စည်းတွေကို ကြည့်နေရင်း ရွှေဆိုင်ပိုင်ရှင်က ရေသောက်ဖို့တဖက်လှည့်နေတဲ့အချိန် လုယက်ထွက်ပြေးသွားတာဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီ လုယက်ခံရမှုကြောင့် ရွှေဆိုင်အတွင်းပြသထားတဲ့ ရွှေခြေချင်း(၂)ရံ(လေးကွင်း)၊ ဒင်္ဂါးပြားများပါရွှေဆွဲကြိုး (၁)ကုံး စုစုပေါင်း ရွှေ ကျပ်သား(၂၀)ကျော်ပါသွားတယ်လို့ သိရပါတယ်။

”မနေ့ နေ့ခင်းဘက်ကဖြစ်တာ၊ ရွှေဝယ်ဖို့လာတဲ့ အမျိုးသားတဦးက လုယက်တာ၊ သူကရွှေဝယ်ဟန် ဆောင်ပြီး လုယက်သွားတာ၊ လုယက်သူကအမျိုးသားပါ၊ ရွှေဆိုင်မှာရောင်းချဖို့ ပြသထားတဲ့ရွှေထည်ပစ္စည်း အစုံ ၂၀ ကျပ်သားကျော်ပါသွားတာ။”လို့ တာဝန်ရှိ ရပ်မိရပ်ဖတဦးကပြောပါတယ်။

လုယက်သွားသူအမျိုးသားဟာ တဦးတည်းလာတာဖြစ်ပြီး ရွှေဆိုင်အနီးမှာ အသင့်ရပ်ထားတဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လုယက်ခံရတဲ့ ရွှေဆိုင်မိသားစုဝင်တယောက်က လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှာ ရွှေခိုးသွားတဲ့သူဆိုကာ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတာဖြစ်လို့ တွေ့ရင်ဆက်သွယ်ပေးကြပါလို့ ရေးသားဖော်ပြကာ CCTV မှတ်တမ်းဓါတ်ပုံနဲ့ အကူအညီတောင်းခံထားတာကိုလည်းတွေ့ရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရွှေဆိုင်ရှင်က သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပြီး ရွှေဆိုင် ကို လာရောက် စစ်ဆေးသွားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၂ခုနှစ်အတွင်းက ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် အနည်းဆုံး ၃ ကြိမ်အထိဖြစ်ပွားခဲ့တာရှိခဲ့ပေမယ့် အခုလိုနေ့လယ်အချိန် ရွှေဆိုင်လုယက်ခံရတာကတော့ ပထမဆုံးဖြစ်ပွားတာလို့ သိရပါတယ်။

ပုံစာ – လုယက်ခံရတဲ့ ရွှေထည်တွေနဲ့လုယက်မှုကျူးလွန်သူအား မြင်တွေ့ရစဉ်။
#voiceofmyanmar #VOM #မြောက်ဦး #ရွှေဆိုင်လုယက်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW