ရန်ကုန်မှာ ပျောက်ဆုံးနေတဲ့ Taxi ယာဉ်မောင်းတစ်ယောက်ရဲ့ ပုတ်ပွနေတဲ့ ရုပ်အလောင်းကို ဒီကနေ့ ပြန်တွေ့

ဧပြီ၊၁၄-၂၀၂၃
MaungMaung(VOM)

ဧပြီလ ၁၂ ရက်နေ့က ပျောက်ဆုံးနေတဲ့ Taxi ယာဉ်မောင်းတစ်ယောက်ရဲ့ ပုတ်ပွနေတဲ့ ရုပ်အလောင်းကို ဒီကနေ့ ဧပြီလ ၁၄ ရက်နေ့က ပြန်တွေ့ခဲ့တယ်လို့ ကနောင် နာကူ-ရှင်ကူ အသင်းက သိရပါတယ်။

သူ့ကို ဓားထိုးဒဏ်ရာ ၃ ချက်နဲ့ အင်းစိန်မြို့နယ် ကြို့ကုန်း သစ်တောဝင်း ခြုံပုတ်ထဲက တွေ့ခဲ့တာ ဖြစ်တယ်လို့ အဲဒီ အသင်းတာဝန်ရှိသူက VOM ကို အခုလို ပြောပါတယ်။

သေဆုံးသူမှာ အသက် ၂၉ နှစ်အရွယ် ကိုပေါ်ထင်ကျော်ဆိုသူ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ပေါက်တောဝ၊ ချမ်းမြေ့စည်ပင်ဝင်း မှာနေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

“ဧပြီလ ၁၂ ရက်နေ့မှာ ကားပျောက်သွားတယ်။ဧပြီလ ၁၃ ရက်နေ့မှာ အနောက်ကြို့ကုန်း ၊ ဘုရင့်နောင်လမ်း ပတ်ဝန်းကျင်မှာပဲ AA/5674 အဲဒီကားကို ပြန်တွေ့တယ်။ ဒီနေ့ ၁၄ ရက်နေ့ ၁၀ နာ ရီ ခွဲလောက် ကျတော့ ဓားထိုးဒဏ်ရာ ၃ ချက်နဲ့ သေဆုံးနေတာကို ကြို့ကုန်း သစ်တောဝင်း ခြုံပုတ်ထဲက တွေ့တယ်။အဲလိုတွေ့တော့ ရဲတွေဘာတွေကို လှမ်းအကြောင်းကြားတယ်။အလောင်းကို အင်းစိန်ဆေးရုံ ရင်ခွဲရုံကို ပို့လိုက်တယ်။ပစ္စည်းတွေပျောက်တာကတော့မိသားစုဝင်ကပဲ သိမယ်။ဘာကြောင့် သတ်တယ်ဆိုတာ ရဲစစ်ချက်ရမှ သိရမယ်။မျက်မြင်အနေအထားနဲ့ကတော့ ကြီးကြီးမားမားပျောက်တာ ရှတာ မကြားဘူး၊ရန်ငြှိုးရန်စကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်ပေါ့လေ။ဒါပေမဲ့ ဘာကြောင့်လဲဆိုတာ ကျွန်တော်တို့ အတိအကျ မပြောနိုင်ပါဘူး”လို့ ကနောင် နာကူ-ရှင်ကူ အသင်းရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

မြန်မာနိုင်ငံနေရာတော်တော်များများမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က စလို့ တက္ကစီကို လုယက်ပြီးတော့ လူကိုပါ သတ်သွားတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။

ဒါကြောင့် တချို့ယာဉ်မောင်းတွေဆိုရင် ကားပေါ်မှာ သူတို့ ယာဉ်မောင်းထိုင်တဲ့ နေရာကို သံဆန်ကာ အပါးနဲ့ ကာရံပြီးတော့မောင်းနေကြတာကိုလည်းတွေ့မြင်ရပါတယ်။

ဓါတ်ပုံ-ကနောင်လူမှုကူညီရေးအသင်း
#voiceofmyanmar #VOM #တက္ကစီယာဉ်မောင်းအလောင်းပုပ်မှတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW