သီပေါက ရွှေဆိုင်ဓားပြတိုက်သူကို ရွှေထည်ပစ္စည်း ၊သေနတ်နဲ့အတူ နေ့ချင်းဖမ်းမိ

ဧပြီ ၂၀ – ၂၀၂၃
KT + GG (VOM)

ရှမ်း​ပြည်နယ် ၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာက “ပြည့်ဝ “ရွှေဆိုင်ကို ဒီနေ့ ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းက သေနတ်ပြချိန်းခြောက်ပြီး ရွှေထည်ပစ္စည်းအချို့လုယူခံခဲ့ရတယ်လို့သိရပါတယ်။

ဆိုင်ဖွင့်ဖို့ပြင်ဆင်နေချိန် အသက် ၂၇ နှစ်အရွယ်အမျိုးသားတဦးဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်ပြလုယက်ခဲ့ကာ သေနတ်ဒင်ဖြင့် ရွှေထည့်ကောင်တာကို ရိုက်ခွဲ၊ ရွှေထည်တွေကိုယူဆောင်သွားတာဖြစ်ပါတယ်။

ဆိုင်ရှင်က ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံခဲ့တာကြောင့် လုယက်သူဟာ စီးလာတဲ့ဆိုင်ကယ်ကိုထားပြီး စျေးအနောက်ဘက်ကိုထွက်ပြေးသွားချိန် ရဲတပ်ဖွဲ့ဝင်တွေနဲ့တာဝန်သိပြည်သူတွေ လိုက်လံဖမ်းဆီးခဲ့ကြရာ လုယက်သူကို စျေးအနောက်ဘက် နမ့်မလွတ် တောင်ကုန်းမှာဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” မနက်၈နာရီလောက်ကဖြစ်တာပါ၊ ဆိုင်ကယ်နဲ့အမျိုးသား တယောက်ကရောက်လာပြီးသေနတ်နဲ့ ထောက်ပြီး ရွှေလုတော့ ပိုင်ရှင်ကဓားနဲ့ဝင်ခုတ်ပြီးဝင်လုံးတော့ထွက်ပြေးသွားတယ်၊ပြီးတော့ နယ်မြေခံရဲတွေရောက်လာပြီးလိုက်ရှာတော့ နမ့်မလွတ်တောင်ကုန်းပေါ်မှာမိတယ် “လို့ သီပေါဒေသခံ တဦးကပြောပါတယ်။

လုယက်သူအမျိုးသားနဲ့အတူ အမျိုးအစား(စိစစ်ဆဲ)သေနတ်အတို ကျည်အိမ်နဲ့ ကျည်ဆံပါ (၁)လက်၊ ဆိုင်ကယ် တစီး၊ ဖုန်း(၁) လုံး၊ ရွှေဆွဲကြိုး အမျိုးအစားအစုံ (၇)ကုံးတို့ ဖြစ်တယ်လို့ သိရပါတယ်။

ရွှေဆိုင်ပိုင်ရှင်ကို သက်ဆိုင်ရာက ပစ္စည်းများအား စစ်ဆေးဆောင်ရွက်ခိုင်းခဲ့ရာ သိမ်းဆည်းရမိခဲ့သည့်ပစ္စည်းများစာရင်းအတိုင်းဖြစ်ကြောင်း နဲ့ ရွှေဆွဲကြိုးမျိုးစုံ(၇)ကုံး၏ စုစုပေါင်းအလေးချိန်(၁)ကျပ်(၁၄)ပဲ(၆)ရွေးခန့် ကာလတန်ဖိုး (၁)ကျပ်သားလျှင်(၂၆၅၀ဝ၀ဝိ/-) ကျပ်ဖြင့် စုစုပေါင်းတန်ဖိုး(၅၀၇၂၀၀ဝိ/-)ကျပ်ခန့် ဖြစ်တယ်လို့ သိရပါတယ်။

ရွှေဆိုင်ကို သေနတ်ပြ လုယက်သွားသူအား သက်ဆိုင်ရာက အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

မနေ့က ဧပြီလ ၁၉ ရက်နေ့ကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)စျေးရှေ့က ထိပ်တန်း ရတနာရွှေဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၂၇၀၀ တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ပါသွားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သီပေါ #ရွှေဆိုင်ဓားပြမှု #လုယက်သူဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW