ရန်ကုန်- မော်လမြိုင်ရထား လမ်းချော်ပြီး တွဲ ၄ တွဲပြတ်ကျကျန်ခဲ့လို့ ခရီးသည်တွေ ဒုက္ခရောက်ခဲ့ရ

ဧပြီ ၉ – ၂၀၂၃
GG (VOM)

ရန်ကုန်-မော်လမြိုင် အမှတ်(၈၉) အဆန်အမြန်ရထားဟာ မနေ့ ဧပြီ ၈ရက်နေ့က ကျိုက္ကသာဘူတာနဲ့ ကျိုက်ထိုဘူတာလမ်းပိုင်းကြားမှာ လမ်းချော်ပြီး ရထားအတွဲ ၄ တွဲ ပြတ်ကျကျန်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ပြတ်ကျန်ခဲ့တဲ့ရထားတွဲပေါ်က ခရီးသည်တွေဟာ အနီးအနားရွာဒေသခံအကူအညီနဲ့ ခရီးဆက်ခဲ့ရတယ်လို့သိရပါတယ်။

” မနေ့က၂နာရီခွဲလောက်က ကျိုက်ကသာဘူတာအကျော် မလော့ချောင်စေတီတစ်ထောင်ကုန်းဘေးတောင်ကုန်းကြားမှာ အရှိန်လွန်ပြီး ဘီးကချော်ထွက်ပြီး ရထားနောက်ပျက်ကျကျန်ခဲ့တာ။ အဲ့ဒီနားကရွာကလူတွေက ကားတွေနဲ့ကျိုက်ထိုကားဂိတ်ကိုပို့ပေးကြတာ။ရထားကဘူတာကြီးက စထွက်ပြီး တိုးကြောင်ကလေးဘူတာရပ်ပြီး ထွက်မယ်အလုပ်မှာလည်း စက်ထိုးရပ်လို့ပြင်ရသေးတယ်”လို့ ရထားတွဲပျက်ကျကျန်ခဲ့တဲ့အတွဲပေါ်မှ ခရီးသည်တဦးကပြောပါတယ်။

ရထားလမ်းချော်ပြီး ရထားတွဲတွေ​ပြတ်ကျန်ခဲ့ပေမယ့် လူထိခိုက်တာမျိုးတော့မရှိကြောင်း ၊ ရထားဟာရန်ကုန်ကနေ မော်လမြိုင်ကိုသွားတဲ့ ရထားဖြစ်ပြီး ရထားအတွဲ ၁၃ တွဲရှိကာ ခရီးသည် ၉၀၀နီးပါးလိုက်ပါလာတာဖြစ်တယ်လို့ သိရပါတယ်။

” မတော်တဆမှုကြောင့် လမ်းချော်ပြီး ရထားတွဲဆိုင်း ၄ တွဲပြတ်ကျန်ခဲ့တာပါ။လူထိခိုက်မရှ်ိပါဘူး၊ဗုံးပေါက်တာလည်းမဟုတ်ပါဘူး။ရထားခရီးစဥ်တွေလည်းမရပ်ပါဘူး “လို့ မော်လမြိုင်ဘူတာကြီးက တာဝန်ရှိသူတဦးက ပြောပါတယ်။

ရထားတွဲ ၄ တွဲ ပျက်ကျန်ခဲ့ပေမယ့် ရှေ့ရထားခေါင်းတွဲကတော့ မော်လမြိုင်ကို ဆက်မောင်းသွားကြောင်း ၊ လက်ရှိ ဒီနေ့မှာလည်း ရထားတွဲတွေ မော်လမြိုင်ဘူတာကနေ ထွက်ခွာသွားပြီဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၂၁ ရက် မနက်အစော ၃ နာရီကျော်လောက်ကလည်း ပဲခူးတိုင်း တောင်ငူဘူတာအထွက်မှာရန်ကုန် – မန္တလေး အမှတ် ၅ အဆန် လေအိတ် အ​မြန်ရထား လမ်းချော်ပြီး ရထားတိမ်းမှောက်ခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်မော်လမြိုင်ရထား #တွဲပြတ်ကျကျန်ခံ

Related posts

Leave a Comment

VOM News

FREE
VIEW