တနင်္သာရီမြို့ထဲက စစ်ရှောင်(၂)ထောင်ကျော် အစားအသောက်နဲ့ဆေးဝါး အရေးပေါ် လိုအပ်နေ

ဧပြီ၊၂၂-၂၀၂၃
MM(VOM)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်(၂)ထောင်ကျော်ဟာ အစားအစာနဲ့ ဆေးဝါးတွေ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

အဲ့ဒီ စစ်ရှောင် နှစ်ထောင်ကျော်က ပြီးခဲ့တဲ့မတ်လက တည်းက လယ်ရွာသစ်ရွာမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် နီးစပ်ရာ ဥယျာဉ်ခြံတွေ၊ တောစပ်နဲ့တောင်ပေါ်တွေမှာ ရှောင်တိမ်းနေရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေ(၂)ထောင်ကျော်ဟာ အချိန်တလကျော်အထိရှိလာဖြစ်ပေမယ့်လည်း ရွာကိုမပြန်ရဲ ဖြစ်နေတယ်လို့ သိရပါတယ်။

”ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်က တိုက်ပွဲတွေဖြစ်ပွားလို့တိမ်းရှောင်နေရသူတွေပါ၊ အဲဒီနေ့ကစလို့ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတာ၊ ဒေသ မတည်ငြိမ်သေးလို့ အခုအထိ မပြန်ရဲသေးပါဘူး၊ အခုတော့ စားဖို့လည်းလိုအပ်နေတယ်၊ နောက်ပြီး ပုံမှန်ဆေးသောက်နေရတဲ့သူတွေက အခု ဆေးဝါးတွေလိုအပ်နေတယ်၊ကြာလာရင် နာတာရှည် ဝေဒနာရှင်တွေအတွက် မလွယ်တော့ဘူး၊ ဖျားနာဖြစ်ရင်တောင် သောက်ဖို့မရှိဘူး၊ စားဖို့အတွက်ကလည်း အခုစတင် ပြတ်လပ်နေပြီ။”လို့ စစ်ရှောင်တွေကို ကူညီပေးသူတဦးကပြောပါတယ်။

အဲ့ဒီ စစ်ရှောင်တွေဟာ ဒေသမတည်ငြိမ်သေးတဲ့အတွက် နေရပ်မပြန်နိုင်သေးတာကြောင့် မိုးရွာလာရင် နေစရာအတွက်ပါ အခက်အခဲဖြစ်လာမှာဖြစ်ပြီး လတ်တလောအနေနဲ့ ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတဲ့အပြင် ရေရှည်အတွက် နေစရာပါ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

”လာမယ့် မေလဆို မိုးရွာလာရင် နေရာမရှိဖြစ်မှာ၊စစ်ရှောင်ဦးရေက (၂)ထောင်ကျော်ကျော်အထိရှိတယ်၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေလည်းမနည်းပါတယ်၊အခုလည်း ဒုက္ခ တော်တော်ရောက်နေတာ၊ များပြားတဲ့ စစ်ရှောင်တွေရဲ့ ဘဝတွေကို စာနာ နားလည်ပေးပါ၊ ပစ်ခတ် တိုက်ခိုက်တာတွေကို ရပ်ပေးပါ၊ အကူအညီပေးပါ။”လို့ စစ်ရှောင် တဦးကပြောပါတယ်။

အဲ့ဒီ လယ်သစ်ရွာမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ အသက်(၁၀) နှစ်ကျော်အရွယ် ယောင်္ကျားလေးတဦးသေဆုံးပြီး၊ သက်ကြီးရွယ်အိုတွေနဲ့ လူငယ်တွေလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

အခု ဧပြီလထဲမှာလည်း တနင်္သာရီမြို့နယ်၊ သမုတ်ချုံးကျေးရွာဘက်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UN OCHA)ရဲ့ ဧပြီ ၁၀ ရက်အထိ စာရင်းတွေအရ နိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ တသန်း ရှစ်သိန်းကျော်အထိရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တနင်္သာရီမြို့ #စစ်ဘေးရှောင် #အရေးပေါ်အကူအညီလိုအပ်

Related posts

Leave a Comment

VOM News

FREE
VIEW