ဆီဆိုင်မှာ အချိန်အခါမဟုတ် မိုးရွာ၊လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်စခန်းတွေ ပြိုကျပျက်စီး

ဧပြီ၊၂၃-၂၀၂၃
MM(VOM)

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ်မှာ အချိန်အခါမဟုတ် မိုးရွာ၊လေပြင်းတိုက်ခတ်မှုဖြစ်ပွားပြီး စစ်ရှောင်စခန်း တဲအိမ် အလုံးရေ ၃၀ ထက်မနည်း ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေဆီကနေ သိရပါတယ်။

အဲ့ဒီ ဒေသမှာ ဧပြီ၂၁ ရက်နဲ့ ဧပြီလ ၂၂ ရက်တွေက ရုတ်တရက်မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မိုးကာနဲ့မိုးထားတဲ့ စစ်ရှောင်စခန်းတဲအိမ် ၊ သွပ်နဲ့မိုးထားတဲ့ စစ်ရှောင်စခန်း တဲအိမ် အားလုံးပေါင်း အလုံးရေ ၃၀ ထက်မနည်း ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

”လေပြင်း တိုက်ခတ်တဲ့အချိန်ကြာရင် အခုထက် အပျက်အစီးများမယ်၊ မိနစ် ၂၀ လောက်ပဲ တိုက်ခတ်သွားတာ၊ ဒါ့ကြောင့် အပျက်အစီး နည်းသွားတာ၊ဒါတောင် အဆောက်အဦ အလုံးရေ ၃၀ ကျော်အထိရှိမယ်၊ အရင်ကတည်းက အကူအညီက လိုနေတာ အခုတော့ လိုအပ်ချက် အခြေအနေက ပိုဆိုးကုန်ပြီပေါ့။”လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးကပြောပါတယ်။

အဲ့ဒီ လေပြင်းတိုက်ခတ်မှုနဲ့အတူ အရွယ်အစား(၂)လက်မခန့်ရှိတဲ့ မိုးသီးတွေပါ ကြွေကျတဲ့အတွက် စစ်ရှောင်စခန်းတဲအိမ် ၃၀ ထက်မနည်းပြိုကျခဲ့တဲ့အပြင် တဲအိမ် အလုံး ၇၀ ထက်မနည်းလည်း မိုးကာပေါက်ပြဲပြီး ခေါင်မိုးတွေလန်ထွက်ပြုတ်ကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို ပြိုကျပျက်စီးသွားတဲ့ စစ်ရှောင်စခန်း တဲအိမ်တွေ ပြန်လည်ပြုပြင်တည်ဆောက်ဖို့အတွက် မိုးကာနဲ့ သွပ်တွေ အရေးပေါ်အကူအညီ လိုအပ်နေ တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ရက်ကလည်း ဆီဆိုင်မြို့နယ်၊ကယန်းလေးရွာမှာ အချိန်အခါမဟုတ် မိုးရွာ၊လေပြင်းတိုက်ခတ်မှုဖြစ်ပွားပြီး လူနေအိမ် အလုံး ၃၀ ကျော် ပြိုကျပျက်စီးကာ နေအိမ်အလုံးရေ ၃၀ ကျော်လည်း အမိုးလန် ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဆီဆိုင်မြို့ #စစ်ရှောင်စခန်း #လေးပြင်းတိုက်ပျက်စီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW