ပြည်မြို့က ဧရာဝတီမြစ်ကမ်းစပ်မှာ ရေကစားရင်း လူ၂ ယောက်ရေနစ်သေဆုံး

ဧပြီ ၂၆ – ၂၀၂၃
GG(VOM)

ပဲခူးတိုင်း၊ပြည်မြို့ ပန်းခြံအနီးက ဧရာဝတီမြစ်ကမ်းစပ်မှာ မိသားစုလိုက် ရေကစားကြရာကနေ လူ ၅ ယောက်ရေနစ်မြုပ်ကာ လူ(၂) ယောက်သေဆုံးမှု ဒီနေ့ဧပြီလ ၂၆ ရက် ညနေပိုင်းကဖြစ်ပွားခဲ့ပါတယ်။

ရေနစ်မြုပ်ခဲ့တဲ့ အထဲက ၂ ယောက်ဟာ ရေနစ်သေဆုံးခဲ့ပြီး၂ ယောက်ကိုတော့ အသက်ရှင်လျက်ကယ်နိုင်ခဲ့ကြောင်းနဲ့ လက်ရှိမှာ ကျန်၁ယောက်ကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။

” ၅ ယောက်နစ်တာပါ။ညနေက မိန်းကလေး၂ယောက်ကိုအသက်ရှင်လျက် ကယ်ဆယ်ရရှိပါတယ်။ညပိုင်းမှာ ယောကျ်ား၂ယောက်ကို သေဆုံးလျက်တွေ့ပါတယ်။သေတဲ့အထဲမှာ ကလေးတစ်ယောက်ပါပါတယ်။အခု ကျန်တဲ့နောက်ဆုံးအမျိုးသား၁ယောက်ကို ရှာနေတုန်းပါ “လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောပါတယ်။

အသက်ရှင်လျက်တွေ့ခဲ့တဲ့ အမျိုးသမီး၂ယောက်ကို ပြည်ဆေးရုံကြီးကိုပို့ထားကြောင့် အခြေအနေကစိုးရိမ်ရတယ်လို့ သိရပါတယ်။

ရေနစ်မြုပ်ခဲ့သူတွေဟာ ပြည်မြို့၊ရွာဘဲရပ်ကွက် ဗလီဝန်းထဲမှာ နေထိုင်သူတွေဖြစ်တယ်လို့ ကနဦးသိရပါတယ်။

” သင်္ကြန်တုန်းက လမ်းလျှောက်သင်္ကြန်လုပ်ပေးပြီးရေကစားခဲ့တဲ့နေရာပါ၊သင်္ကြန်ပြီးတော့လည်း လူတွေကပူကြတော့ ရေလာဆော့ကြတာ ၊အခုလည်း မိသားစုလိုက်ရေလာဆော့ရင်း နစ်ကြတာလို့ပြောတယ်”လို့ ပြည်မြို့ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းကို ပြည်မြို့မီးသတ်တပ်ဖွဲ့နဲ့ နယ်မြေခံလူမှုကူညီရေးအသင်းတွေက ပူးပေါင်းရှာဖွေနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပြည်

Related posts

Leave a Comment

VOM News

FREE
VIEW