မီးပြတ်ချိန်များလို့ ပိုပြီး အခက်ကြုံနေရတဲ့ ပြည်သူတွေ

SN (VOM)

ပူပြင်းခြောက်သွေ့လာတဲ့ နွေရာသီကာလအတွင်းမှာ လျှပ်စစ်မီးဟာလည်း တနေ့ထက်တနေ့ ဆိုးရွားစွာပြတ်တောက်လာတာကြောင့် မြန်မာနိုင်ငံအတွင်းနေထိုင်တဲ့ ပြည်သူတွေဟာ လုပ်ငန်းခွင်နဲ့ နေ့စဉ်ဘဝမှာ လူမှုဒုက္ခတွေကို အကြီးအကျယ် ရင်ဆိုင်နေကြရပါတယ်။

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ ဒီရက်ပိုင်းအတွင်း မီးပြတ်တောက်မှု အခြေအနေ အလွန်ဆိုးရွားလာနေပြီး သက်ဆိုင်ရာကတော့ ၄ နာရီခြား မီးပေး၊ မီးဖြတ်စနစ်နဲ့ အလှည့်ကျ မီးပေးလျက်ရှိကြောင်း ထုတ်ဖော်ပြောပေမယ့် လျှပ်စစ်မီးမလာတာက ပိုများနေတယ်လို့ မြို့နေပြည်သူတွေက ပြောပါတယ်။

လျှပ်စစ်မီးဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစလို့ ၂၄ နာရီ အချိန်ပြည့်မရရှိတော့ဘဲ အချိန်ပိုင်းနဲ့ အလှည့်ကျ ဖြန့်ဝေပေးမယ်လို့ ကြေညာထားပေမယ့် ဒီကနေ့အထိ သတ်မှတ်အချိန်ဇယားအတိုင်း အတိအကျ ပေးနိုင်ခြင်းမရှိလို့ လူထုကြား အငြင်းပွားပြောဆို ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာလည်း အရင်ကထက်ပိုပြီး မီးပျက်ချိန်များလာတာကြောင့် ပြည်သူတွေဟာ ချက်ပြုတ်ရာမှာ ထင်း၊ မီးသွေးနဲ့ ဂက်စ်တွေအပြင် ညဘက်တွေမှာလည်း အားသွင်းမီးလုံးနဲ့ ဖယောင်းတိုင်းမီးတွေကိုပါ အသုံးပြုလာရသလို တနိုင်တပိုင်လုပ်ငန်းတွေဟာလည်း မီးစက်တွေကို အားထားအသုံးပြုနေရပါတယ်။

“မီးက လာချိန်လည်း ပျက်၊ ပျက်ချိန်လည်း ပျက် ဖြစ်နေတယ်။ လာပြီး ၃ မိနစ်လောက်ပဲရှိသေးတယ်၊ ပြန်ပျက်တာပဲ။ ဒီကြားထဲ အခုလာ၊ အခုပျက်လိုက်နဲ့ မီးအဖွင့်အပိတ် လုပ်နေတာကလည်း ရှိသေးတယ်။ တမင်အကျင့်ယုတ်နေသလိုပဲ။ ဘာအလုပ်မှလုပ်မရဘူး။ ထမင်းဟင်းလည်း ချက်မရ၊ ရေလည်းတင်မရနဲ့။ အရင်ကတော့ တနေကုန်ပျက်ပေမယ့် ညဘက်တွေ မီးမှန်သေးတယ်။ အခုက ညဘက်တောင် မလာတော့ဘူး။ ရာသီဥတုကလည်းပူတော့ ပိုပြီး ဒုက္ခရောက်တာပေါ့”လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။

လျှပ်စစ်မီးပျက်ပြီး အပူချိန်ကလည်း တိုးလာနေတဲ့အတွက် ညဘက် ပူပူလောင်လောင်နဲ့ အိပ်ရသလို ချက်ပြုတ်ရေးမှာလည်း ဂက်စ်နဲ့ ချက်ရတဲ့အပြင် အလျင်းသင့်ရင် သင့်သလို မီးသွေးဖိုနဲ့ပါ ချက်ပြုတ်ရတာကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ အပိုဝင်ငွေကုန်တယ်လို့ ပြောဆိုကြတာလည်း ရှိပါတယ်။

လျှပ်စစ်မီး လုံလောက်အောင် မပေးနိုင်တဲ့အပြင် ရပ်ကွက်/ကျေးရွာအတွင်းက စီးပွားရေးလုပ်ငန်းတွေနဲ့ စက်မှု၊လက်မှုလုပ်ငန်းတွေကို ညနေ ၅ နာရီကနေ နောက်နေ့ မနက် ၅ နာရီအထိ လျှပ်စစ်မီး မသုံးဖို့ကိုလည်း ကန့်သတ်ထားပြန်တာလည်း ရှိပါသေးတယ်။

ရန်ကုန်တိုင်းအတွင်း လက်ရှိ ဓာတ်အားထုတ်လုပ် ပို့လွှတ်ပေးနိုင်မှု အခြေအနေအရ အများပြည်သူအုပ်စုအတိုင်း ရောနှော ဓာတ်အားသုံးစွဲနေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ စက်မှုလက်မှုလုပ်ငန်းတွေကို ဧပြီ ၂၃ ရက်ကစလို့ ကန့်သတ်ချိန်အတွင်း လျှပ်စစ်ဓာတ်အား အသုံးပြုပြီး လုပ်ငန်းဆောင်ရွက်ခြင်းမပြုကြဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားတာပါ။

အဲ့ဒီ့ ကန့်သတ်ချိန်အတွင်း လျှပ်စစ်ဓာတ်အားနဲ့ လုပ်ငန်းဆောင်ရွက်နေမှုကို မီတာပြဂဏန်းတွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ကာ စစ်ဆေးသွားမှာဖြစ်ပြီး လိုက်နာမှုမရှိပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူသွားမယ်လို့လည်း ကြေညာထားပါတယ်။

“သူတို့သတ်မှတ်ထားတဲ့ ကန့်သတ်ချိန်အတွင်းမှာပဲ မီးလာအောင် အရင်လုပ်ပါဦးလို့ပဲ ပြောချင်တယ်။ မီးမှမလာတာ၊ ကန့်သတ်ချိန်မပြောနဲ့၊ မကန့်သတ်ထားတဲ့အချိန်မှာတောင် ဘာမှလုပ်မရဘူး။ အချိန်ပြည့် မီးစက်နဲ့ပဲ အလုပ်လုပ်နေရတာ။ ဆီဖိုးနဲ့ပဲ မွဲတော့မယ်။ မီးသာမလာတာ မီတာခကျတော့လည်း လျော့မသွားဘူး။ လုပ်ချင်သလိုကို လုပ်နေတာ” လို့ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က တပိုင်တနိုင် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

အဲ့ဒီ့လိုပဲ မန္တလေးမြို့ပေါ်က တချို့မြို့နယ်တွေမှာ လျှပ်စစ်မီးလာချိန် တရက်မှာ နှစ်နာရီလောက်သာရတဲ့အတွက် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်မှုတွေရှိလာတယ်လို့ အဲ့ဒီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

အရင်က အလှည့်ကျမီးပေးစနစ်နဲ့ စီးပွားရေးတွေ လုပ်ကိုင်ခဲ့ကြရပေမယ့် ၂ နှစ်အကြာမှာတော့ လျှပ်စစ်မီးပြတ်တောက်မှုက ပိုမိုဆိုးဝါးလာတယ်လို့ ချမ်းအေးသာစံမြို့နယ်က အသေးစား၊ အလတ်စား လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“မီးပျက်တာက အခုဆိုရင် မနက် ၁ နာရီလာတယ်။ ညနေ ၁ နာရီလောက်လာတယ်။ ဒါတောင်သိပ်မမှန်ဘူး၊ ပျက်တာများနေတယ်။ အဲ့ဒီတော့ လျှပ်စစ်မီးအားကိုးလုပ်တဲ့ အလုပ်ဆိုတော့ လုပ်မရတော့ဘူး။ မီးစက်နဲ့ကျပြန်တော့လည်း အချိန်ပြည့် နှိုးမထားနိုင်ဘူး။ အခုဒီဇယ်ဈေးက တလီတာကို ၂၅၀၀ လောက်ရှိတယ်။ ဆီဖိုးနဲ့ အလုပ်သမားခနဲ့ဆိုတော့ ဘယ်လိုမှာ မကိုက်တော့ဘူး”လို့ သူက ပြောပါတယ်။

အဲ့ဒီလို လျှပ်စစ်မီး ပျက်တောက်မှုကြောင့် လုပ်ငန်းတချို့ ရပ်နားတာတွေ ရှိသလို ဝန်ထမ်းလျော့ချတာတွေလည်း လုပ်လာကြတယ်လို့ သူက ပြောပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာလည်း လျှပ်စစ်မီးကို အလှည့်ကျစနစ်နဲ့ပေးပြီး မီးပေးတဲ့အချိန် မီးမမှန်တာကြောင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မီးပေးချိန်မှာ အလှည့်ကျစနစ်နဲ့ ၆ နာရီခြားပေးမယ်လို့ ကြေညာထားပေမယ့် မီးလာချိန် မမှန်သလို လာတဲ့အချိန်မှာလည်း အချိန်ပြည့်မရတာကြောင့် အသေးစား၊ အလတ်စားလုပ်ငန်း လုပ်ကိုင်သူ ၁၀၀၀ ကျော်အနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံလုပ်ငန်းရှင်တွေက ပြောပါတယ်။

မော်လမြိုင်မြို့မှာလည်း သင်္ကြန်မတိုင်ခင်က လျှပ်စစ်မီးကို အုပ်စု ၃ စု ခွဲပြီး တကြိမ်မှာ ၂ နာရီနဲ့ တရက်ကို ၄ ကြိမ် အလှည့်ကျ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးတဲ့အတွက် တရက်ကို လျှပ်စစ်မီး ၈ နာရီသာရရှိရာကနေ လက်ရှိမှာတော့ အချိန်အတိအကျ မရရှိတော့ဘူးလို့ မြို့ခံတွေက ပြောကြပါတယ်။

မွန်ပြည်နယ်က ဒေသခံတစ်ဦးကတော့ လျှပ်စစ်မီးဟာ လူအိပ်ချိန် ည ၁၂ နာရီမှသာလာပြီး ၃ နာရီဝန်းကျင်သာရရှိတဲ့အတွက် ရေတင်ဖို့အပါအဝင် ရာသီဥတုပူပြင်းတဲ့အတွက် ပန်ကာဖွင့်ဖို့ လျှပ်စစ်မီးမရရှိတာကြောင့် အတော်ပူလောင်ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်မှာလည်း အခုရက်ပိုင်း လျှပ်စစ်မီး မကြာခဏ ပျက်တောက်မှုကြောင့် ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ အရင်က လျှပ်စစ်မီးကို အချိန်နဲ့ခွဲပြီး ပေးတာရှိပေမယ့် အခုရက်ပိုင်းမှာ တရက်ကို ၁ နာရီလောက်သာ လျှပ်စစ်မီး အသုံးပြုရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ့လိုပဲ နေပြည်တော်မှာလည်း လျှပ်စစ်မီးကို အချိန်ပြောင်းလဲ ပေးဝေသွားမှာဖြစ်တယ်လို့ ပျဉ်းမနား ဓာတ်အားဖြန့်ဖြူးရေးဌာနက ကြေညာထားပါသေးတယ်။ သင်္ကြန်ကာလမတိုင်ခင်က ပျဉ်းမနား အုပ်စု ၄ စုမှာ တစုကို တရက် ၈ နာရီကြာ မီးပြတ်ရာကနေ ဧပြီ ၁ ရက်ကစတင်ပြီး ပုံစံအသစ်နဲ့ မီးပေးနေတာ ဖြစ်ပါတယ်။ ပုံစံအသစ်မှာတော့ အုပ်စု ၄ စုအတွင်း တအုပ်စုကို တရက်တာအတွင်း ၄ နာရီ ၂ ကြိမ် မီးဖြတ်သွားမှာ ဖြစ်ပါတယ်။

လက်ရှိ ပြည်တွင်းမှာ လျှပ်စစ်ကား တွင်ကျယ်စွာ အသုံးပြုနိုင်ရေး အားတက်သရော လုပ်ဆောင်နေပေမယ့်လည်း လျှပ်စစ်ဓာတ်အား လုံလောက်အောင် ပေးနိုင်ဖို့အတွက်ကတော့ အကြောင်းပြချက်ပေါင်း များစွာနဲ့ အဖြူအမည်း မသဲကွဲသေးပါဘူး။

အခုလို ဖြစ်နေချိန် ရန်ကုန်မြို့မှာ တနိုင်တပိုင် ဆိုလာတပ်ထားသူတွေထံကနေ ပိုလျှံတဲ့ ဓာတ်အားကို ဝယ်ယူမယ်လို့လည်း ကြေညာလာပြန်ပါတယ်။ ရန်ကုန်မြို့က ဈေးဝယ်စင်တာတွေ၊ ဟိုတယ်တွေ၊ နေအိမ်တွေ၊ စက်ရုံ၊ အလုပ်ရုံ ခေါင်မိုးတွေမှာ တပ်ဆင်ထားတဲ့ အသေးစား ဆိုလာစနစ်ကနေ ထွက်လာတဲ့ ဓာတ်အားကို ဝယ်ယူမှာဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ဧပြီ ၂၀ ရက်မှာ အသိပေးလာတာပါ။

ဝယ်ယူမယ့်နှုန်းထားကတော့ ၁၀၀ ကီလိုဝပ်ကနေ ၁ မဂ္ဂါဝပ်အထိ ၈၅ ကျပ်နှုန်းနဲ့ ၁ မဂ္ဂါဝပ်ကနေ ၁၀ မဂ္ဂါဝပ်အထိ ၈၀ ကျပ်နှုန်း ဝယ်မယ်လို့လည်း ကြေညာထားတာတွေ့ရပါတယ်။

အဲ့ဒီကြေညာချက်ကိုလည်း ကြေညာပြီး နာရီပိုင်းအကြာ လူမှုကွန်ယက်စာမျက်နှာကနေ ပြန်ဖြုတ်သွားတယ်လို့လည်း လူမှုကွန်ယက်စာမျက်နှာ အသုံးပြုသူတွေဆီကနေ သိရပါတယ်။

ပြည်တွင်းမှာ လျှပ်စစ်ကားတွေ၊ လျှပ်စစ်ရထားတွေ ပြေးဆွဲမယ်လို့ ပြောထားတာတွေရှိပေမယ့် မြေပြင်မှာတော့ ပြည်တွင်းက လျှပ်စစ်မီးရရှိမှု အခြေအနေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလက အခြေအနေကို ပြန်ရောက်သွားတာတွေ့ရပါတယ်။

အခုလို မြန်မာနိုင်ငံတဝန်းမှာ လျှပ်စစ်မီးတွေ ဘာကြောင့်ပြတ်တောက်နေရသလဲဆိုတာနဲ့ ပတ်သက်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဧပြီ ၁ ရက်နေ့မှာ အချက် ၃ ချက်နဲ့ ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

အဲဒီထုတ်ပြန်ချက်မှာတော့ နွေရာသီ ရောက်ရှိလာပြီဖြစ်တာကြောင့် ရေအားလျှပ်စစ် စက်ရုံကြီးတွေက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှု လျော့ကျနေတာ၊ ၂၄ နာရီ ပတ်လုံး ဓာတ်အားထုတ်ပေးနိုင်တဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေက လျှပ်စစ်ဓာတ်အားပို့လွှတ်တဲ့ မဟာဓာတ်အားလိုင်းတွေ အကြိမ်ကြိမ် ဖောက်ခွဲခံရတာကြောင့် ကာလရှည်ကြာစွာ နိုင်ငံတော်ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အား လုံးဝ မရရှိတာ၊ နေ့/ည အပူချိန်တက်လာလို့ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်သုံးစွဲမှု ၂၅၀ မဂ္ဂါဝပ်ခန့် တိုးမြင့်လာတာလို့ ဖော်ပြထားပါတယ်။

ဒုတိယအချက်အနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ၂၃၀ ကေဗွီ သထုံ-မော်လမြိုင် ဓာတ်အားလိုင်းက တာဝါတိုင် (၂)တိုင် ဖောက်ခွဲဖျက်ဆီးခံရတဲ့အတွက် မော်လမြိုင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကနေ နိုင်ငံတော်ဓာတ်အားစနစ် (၈၀) မဂ္ဂါဝပ်ကို ၂၄ နာရီပတ်လုံး ဓာတ်အားပို့လွှတ်နိုင်မှုမရှိဘဲ ဓာတ်အားဖြန့်ဖြူးမှုကို ထိခိုက်စေတယ်လို့ ပြောထားပါတယ်။

နောက်ဆုံးတချက်ကတော့ လုံခြုံရေးကြောင့် တာဝါတိုင်တွေ ပြုပြင်ခြင်းလုပ်ငန်းက ခန့်မှန်း တပတ်ခန့်ကြာမြင့်နိုင်ပြီး အရေးပေါ် ဝန်အားလျှော့တာ၊ ယာယီဝန်အားလျှော့ချရတာတွေကို နားလည်ပေးဖို့ဆိုပြီး ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းက သာယာကုန်း ပင်မဓာတ်အားခွဲရုံမှာလည်း ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့ ညပိုင်းတုန်းက ဒရုန်းနဲ့ ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် လျှပ်စစ်ဝန်ထမ်းတဦး သေဆုံးခဲ့ကာ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ခိုက်ခံရမှုမှာ ထရန်စဖော်မာတွေနဲ့ ဓာတ်အားခွဲရုံသုံး ပစ္စည်းတွေလည်း ပျက်စီးခဲ့ပြီး နိုင်ငံတော် ဓာတ်အားစနစ်တခုလုံး ဓာတ်အားပြတ်တောက်ခဲ့တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်အထိ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ ဓာတ်အားလိုင်းတွေနဲ့ ဓာတ်အားခွဲရုံတွေ ဖောက်ခွဲဖျက်ဆီးခံရမှု (၂၂၉) ကြိမ်ရှိပြီလို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဓာတ်အားလိုင်းတာဝါတိုင်တွေ အခုလို ခပ်စိပ်စိပ် အဖောက်ခွဲမခံရခင် လွန်ခဲ့တဲ့တနှစ်ကျော်ကတည်းက နိုင်ငံတဝန်း လျှပ်စစ်မီး ၂၄ နာရီအပြည့် မရတော့သလို အလှည့်ကျအနေနဲ့ အချိန်သတ်မှတ်ပြီး မီးပေးရာမှာလည်း သတ်မှတ်ချိန်အတိုင်း ပေးနိုင်ခဲ့ခြင်းမရှိတဲ့အတွက် လူထုကြား ဝေဖန်မှုတွေရှိခဲ့ပါတယ်။

တဖက်မှာလည်း လက်ရှိ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ ခွင့်ပြုပေးခဲ့ပေမယ့် နိုင်ငံနဲ့ ပြည်သူအတွက် မဖြစ်မနေလိုအပ်နေတဲ့ လျှပ်စစ်စွမ်းအား အသုံးစရိတ်ကိုတော့ ကျပ် ၆၈၂ ဘီလီယံကျော်သာ ခွင့်ပြုထားတယ်လို့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေမှာ ဖော်ပြထားပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကတော့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနဲ့ သုံးစွဲမှုမမျှတနေတာကို တတ်နိုင်သလောက် လူထုရဲ့ လိုအပ်ချက်ကိုထိန်းညှိပြီး ဖြန့်ဖြူးပေးနေတဲ့အပြင် ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိအောင် ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် နစကဥက္ကဋ္ဌကတော့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ကြောင်း ပြောကြားထားတယ်လို့ ဧပြီ ၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာရဲ့အယ်ဒီတာ့အာဘော်မှာ ထည့်သွင်းဖော်ပြထားတာလည်း တွေ့ရပါတယ်။

အရင်အစိုးရ အဆက်ဆက်ကတည်းက ရေအားလျှပ်စစ် စီမံကိန်းတွေ ဆောင်ရွက်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တချို့သော စီမံကိန်းတွေကို ဖျက်သိမ်းခံရပြီး တချို့စီမံကိန်းတွေ ရပ်တန့်ခဲ့ရကြောင်း၊ အခုတော့ လာမယ့် ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိနိုင်ရေး ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌက ပြီးခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေး ၁/၂၀၂၃ မှာ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

စီးပွားရေးပညာရှင် တချို့ကတော့ အခုလို လျှပ်စစ်မီးတွေ အရင်ကထက်ပိုပြီး ပြတ်တောက်လာရတာဟာ မြန်မာနိုင်ငံရဲ့လျှပ်စစ်ဓာတ်အား လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ရောက်ရှိနေတဲ့ ဟောင်ကောင်နိုင်ငံအခြေစိုက် V Power Group မှ LNG ဓာတ်ငွေ့သင်္ဘော ပြန်လည်ထွက်ခွာသွားတာကြောင့်လည်း ဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒီ့ LNG ဓာတ်ငွေ့သင်္ဘောကြီးဟာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွာသွားတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မဂ္ဂါဝပ် ၁၀၀၀ လောက် လျော့ကျသွားတဲ့အတွက် လျှပ်စစ်မီးက အရင်ကထက်ပိုပြီး အခြေအနေ ဆိုးလာဖို့ပဲရှိတယ်လို့ သုံးသပ်ပြောဆိုနေကြပြီး မြန်မာပြည်သူလုထုကတော့ ပူပြင်းလှတဲ့ နွေရာသီကာလမှာ လျှပ်စစ်မီးကြောင့် အခက်အခဲများစွာကို အံတုရင်း အားတင်း ရှေ့ဆက်နေရဆဲ ဖြစ်ပါတယ်။ ။

Photo Crd – Original Uploader
#voiceofmyanmar #VOM #လျှပ်စစ်မီးကဏ္ဍ #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW