ယူကရိန်းနိုင်ငံတ၀န်း မြို့တွေကို ရုရှားကဒုံးကျည်တွေနဲ့တိုက်ခိုက်၊ အရပ်သား(၈)ဦးသေဆုံး

ကိယက်ဗ်၊ ဧပြီ-၂၈-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်နိုင်ငံ မြို့တော်ကိယက်ဗ်အပါအ၀င် ယူကရိန်းနိုင်ငံတ၀န်းရှိ မြို့များကို ရုရှားကလေကြောင်း တိုက်ခိုက်မှုများကြောင့် လူ(၈)ဦးထက်မနည်းသေဆုံးသွားပါတယ်။

ဒီနီပရိုမြို့မှာ အမျိုးသမီးတဦးနဲ့ သုံးနှစ်အရွယ်သမီးဖြစ်သူတို့ သေဆုံးခဲ့ကြောင်း မြို့တော်၀န်ကပြောပါတယ်။

ယူမန်မြို့မှာတော့ လူနေအဆောက်အအုံတွေကို ဒုံးကျည်ထိမှန်မှုကြောင့် လေးဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ခရီမန်ချော့နဲ့ ပိုလ်တာဗာမြို့တွေမှာလည်း ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ အင်တာဖက်စ်သတင်းဌာနက ဖော်ပြထားပါတယ်။

မြို့တော်ကိယက်ဗ်ကို ၅၁ ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားက ဒုံးကျည်တွေနဲ့တိုက်ခိုက်တာဖြစ်တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။

ရုရှားရဲ့ ဒုံးကျည်၂၃ စင်းအနက် ၂၁ စင်းနဲ့ တိုက်ခိုက်ရေးဒရုန်းနှစ်စင်းကို ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်ကပြောပါတယ်။

အနောက်မဟာမိတ်တွေ ပံ့ပိုးပေးထားတဲ့ တင့်ကားတွေနဲ့အပါအ၀င် လက်နက်သစ်တွေနဲ့ ရုရှားကိုထိုးစစ်ဆင်ဖို့ ယူကရိန်းတပ်တွေ ပြင်ဆင်နေချိန်မှာ ရုရှားကအခုလိုလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရုရှားဟာ မဟာဗျူဟာမြောက် အရေးပါတဲ့ ဘက်ခ်မွတ်ခ်မြို့ကိုထိန်းချုပ်နိုင်ရေး ရုန်းကန်နေရပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW