အိန္ဒိယမှာ မတ်ပဲပြတ်လပ်နေတယ်ဆိုတဲ့ သတင်းထွက်ပြီးနောက် မြန်မာမှာ မတ်ပဲစျေး ၇၀၀၀၀ ကျော်အထိမြင့်တက်လာ

ဧပြီ ၂၈ – ၂၀၂၃
GG (VOM)

မတ်ပဲစျေးကွက် အတက်အကျ မရှိဘဲ ငြိမ်နေရာကနေ အခုရက်ပိုင်းအတွင်း ပိဿာ ၂၀ တစ်တင်းကို ၇၁၃၀၀ ကျပ်အထိ စျေးနူန်းမြင့်တက်လာတယ်လို့ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

အိန္ဒိယနိုင်ငံ စျေးကွက်မှာ မတ်ပဲပြတ်လပ်နေပြီး စျေးတွေလည်းမြင့်တက်နေတယ်ဆိုတဲ့သတင်းထွက်ပေါ်ပြီးနောက် ဧပြီလ ၂၆ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာ မတ်ပဲစျေးက ဆက်တိုက် မြင့်တက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” မတ်ပဲစျေးငြိမ်နေတာကြာပြီ၊စျေးငြိမ်နေတော့ တောင်သူတွေကလည်း သိပ်ထုတ်မရောင်းကြဘူး။စျေးထပ်တက်မယ်ဆိုပြီး သိမ်းထားကြတာပေါ့။ ပြီးတော့အိန္ဒိယကလည်း မတ်ပဲပြတ်နေကြောင်း ပြောလိုက်တော့ ပိုပြီးမရောင်းကြဘူး။စောင့်ကြတာလည်း မှန်သလိုဖြစ်နေတယ်၊ အခုဆို မတ်ပဲစျေးက ၇၀၀၀၀ကျော်သွားပြီ ၊ အခုရက်ပိုင်းလေးမှာကို ဆက်တိုက်တက်လာတာ “လို့ မတ်ပဲကုန်သည်တစ်ဦးကပြောပါတယ်။

မတ်ပဲစျေးဟာ ဧပြီလ ၁ ရက်နေ့ကနေ ဧပြီလ ၂၅ ရက်နေ့အထိ ပိဿာ ၂၀ တစ်တင်းကိုမှ အနည်းဆုံး ၆၇၁၀၀ ကျပ်ကနေ ၆၇၈၀၀ ကျပ်အထိသာ အများဆုံးစျေးတန်းအဖြစ် ရှိခဲ့ပြီး ဒီနေ့ ဧပြီလ ၂၈ ရက်နေ့မှာတော့ မတ်ပဲတစ်တင်းကို ၇၁၃၀၀ ကကျပ်နူန်းအထိရှိလာတယ်လို့ သိရပါတယ်။

အခုလို မတ်ပဲစျေးတက်လာတာကြောင့် တောင်သူအချို့ကတော့ ထုတ်ရောင်းချလာတာတွေရှိပေမယ့် တချို့တောင်သူတွေကတော့ အခြေအနေကို စောင့်ကြည့်နေကြတုန်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာ့ မတ်ပဲကို အိန္ဒိယဘက်က ဝယ်လိုအားများနေပေမယ့် ပြည်တွင်းမှာက လက်ကျန်နည်းနေတာက တကြောင်း၊ တောင်သူတွေက သိုလှောင်ထားတာတွေကြောင့် တင်ပို့နိုင်မှုပမာဏနည်းနေ ​တယ်လို့ သိရပါတယ်။

” အိန္ဒိယအစိုးရဘက်က မတ်ပဲနဲ့ပတ်သက်လို့ လှောင်ထားတယ်ဆိုပြီးပြောတဲ့ကိစ္စနဲ့ပတ်သက်လို့ ကုန်စည်ဒိုင်မှာလည်းဆွေးနွေးတယ်၊အသင်းမှာလည်းဆွေးနွေးခဲ့တယ်။ ဒီမှာတော့သူတို့ပြောသလို လှောင်ထားတာမျိုးမရှိသလို သက်သက်စျေးကိုင်ပြီး မရောင်းတာလည်းမရှိဘူး။သူ့ပေါက်စျေးအတိုင်းပဲရောင်းနေကြတာ၊”လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်း၊ပြောင်း လုပ်ငန်းရှင်များအသင်းဥက္က ဋ္ဌဦးထွန်းလွင်ကပြောပါတယ်။

အိန္ဒိယအစိုးရကတော့ အိန္ဒိယကို မြန်မာကနေ ပဲတင်သွင်းတဲ့ကုန်သည်တွေဟာ မတ်ပဲကိုထုတ်မရောင်းဘဲ သိုလှောင်ထားတာကြောင့် ပြည်တွင်းမှာ မတ်ပဲ စျေးတွေတက်နေသလို မတ်ပဲပြတ်လတ်မှုပါဖြစ်ပေါ်နေတဲ့အတွက် အဲ့ဒီကိစ္စကို ဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယကော်မရှင်ထံ အသိပေးအကြောင်းကြားထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်မှာ ပြည်ပကို ပင်လယ်ရေကြောင်းနဲ့နယ်စပ်ကနေ မတ်ပဲတင်ပို့မှုက မတ်ပဲတန်ချိန် ၆ .၅ သိန်း ဝန်းကျင်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၅၃၁ သန်းကျော် ရရှိခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့မတ်ပဲစိုက်ရာသီတုန်းက မတ်ပဲစိုက်ဧက လျော့ကျတာ၊ စိုက်ခင်းတွေမှာ အဝါရောင်မှိုရောဂါတစ်မျိုးကျရောက်လို့ ပဲစိုက်ခင်းလိုက်ပျက်စီးဆုံးရှုံးတာ၊ သွင်းအားစု စျေးနူန်းတွေကြီးမြင့် ခဲ့တာကြောင့် ဆေးဝါးလုံလောက်စွာမသုံးနိုင်လို့ မတ်ပဲအထွက်နူန်းပိုင်းမှာ သိသိသာသာလျော့ကျခဲ့တယ်လို့သိရပါတယ်။

မတ်ပဲစိုက်ခင်း တစ်ဧကကို ၂ တင်းသာထွက်တဲ့ စိုက်ဧကတွေလည်းရှိခဲ့တယ်လို့ သိရပြီး မတ်ပဲကိုတော့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ၊မကွေးတိုင်း ဒေသကြီးမှာ အဓိကစိုက်ပျိုးကြတာဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #မတ်ပဲ #စျေးနူန်းမြက့်တက်လာ

Related posts

Leave a Comment

VOM News

FREE
VIEW