ခရီးသည်တင်ကားနဲ့ စပါးခွံတင်လာတဲ့ ကုန်ကား မျက်နှာချင်းဆိုင်တိုက်မိပြီး ၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

ဧပြီ ၂၉-၂၀၂၃
SN (VOM)

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်း၊ လှတောကျေးရွာအနီးမှာ မနေ့ ဧပြီ ၂၈ ရက်၊ ညနေ ၆ နာရီခွဲခန့်က ခရီးသည်တင် အန်စာတုံးကားနဲ့ စပါးခွံတင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ရွှေဘိုခရိုင် – Rescue)ကနေ သိရပါတယ်။

ဖြစ်စဉ်ကြောင့် ခရီးသည်တင် ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသား ၂ ဦးသေဆုံးခဲ့ကာ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား၂ ဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် ရွှေဘိုခရိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

“၆ နာရီဆိုရင် မာရှယ်လောအချိန်ဆိုတော့ ၆ နာရီမထိုးခင် ရွှေဘိုအရောက်သွားဖို့အတွက် အန်စာတုံးကားက လုမောင်းတာ။ လှတောကျေးရွာနား မရောက်ခင်က ၅ နာရီခွဲနေပြီလေ။ နာရီဝက်အတွင်းကို ရွှေဘိုအရောက် မောင်းတာဆိုတော့ လုမောင်းတဲ့အတွက် ကားကြီးကို ဝင်တိုက်တာပဲ။ သေသွားတဲ့သူတွေက ပခုက္ကူမြို့နယ်၊ ပခန်းကြီးရွာကလို့ အကြမ်းဖျင်း သိထားပါတယ်။ အခု Dead Body တွေကို ရွှေဘိုဆေးရုံကနေ အဲ့ဒီ့ကိုပြန်သယ်ဖို့ စီစဉ်နေပါပြီ” လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အန်စာတုံးကားပေါ်မှာ ခရီးသည် (၉) ဦး လိုက်ပါလာတာဖြစ်ပြီး ဖားကန့်ခရီးစဉ် ပြေးဆွဲလာတဲ့ကားဖြစ်တယ်လို့ သိရပြီး အဲ့ဒီ့ဖြစ်စဉ်မှာ ဒဏ်ရာမရဘဲ ကျန်ရှိတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကိုတော့ မိသားစုနဲ့ဆက်သွယ်ပေးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လှတော #ယာဥ်တိုက်မှု #လူနှစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW