ထီးလင်းမှာ အခြေခံလူသုံးကုန်တွေ ပြတ်လပ်မှုဖြစ်ပေါ်ပြီး စားဝတ်နေရေး အခက်ကြုံနေရ

မေ ၊ ၁ ၊ ၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့မှာ အခြေခံလူသုံးကုန်နဲ့ နေ့စဥ်သုံး စားသောက်ကုန်စည်တွေ ပြတ်လပ်နေတဲ့အတွက် ဒေသခံတွေဟာ စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ထီးလင်းမြို့ခံတွေဆီက သိရပါတယ်။

” ထီးလင်းမြို့ကို ဝင်ရောက်နိုင်တဲ့ ပင်မ ဆက်သွယ်လမ်းကြောင်းတွေက ပေါက် – ထီးလင်း လမ်းပိုင်း ၊ ထီးလင်း – ကျောက်ထု လမ်းပိုင်း ၊ ထီးလင်း – ရေမျက်နီ – ဂန့်ဂေါ လမ်းပိုင်း နဲ့ ထီးလင်း – ကျင်း လမ်းပိုင်းတွေဖြစ်တယ် ၊ အဲ့ဒီ လမ်းပိုင်းတွေမှာ အရပ်ဘက် စစ်ဆေးရေးဂိတ်များစွာရှိတယ် ၊ ထီးလင်းမြို့နယ်ထဲကို ဝင်ရောက်လာတဲ့ ကုန်စည်ပို့ဆောင်ရေးကားတွေကို အဲ့ဒီ ဂိတ်တွေကနေ တားဆီးပိတ်ဆို့ပြီး နောက်ကြောင်းပြန်လှည့်ခိုင်းနေတာကြောင့် ထီးလင်းမြို့ပေါ်နဲ့ ထီးလင်းမြို့နယ်ထဲကို ဧပြီ ပထမပတ်ကနေ စပြီး ကုန်စည်တွေ မဝင်ရောက်နိုင်တာ ၁ လ ကျော်ရှိသွားပြီး “လို့ ထီးလင်းမြို့ခံတစ်ယောက်က ပြောပါတယ်။

ထီးလင်းမြို့ပေါ်မှာရှိတဲ့ ကုန်စုံဆိုင် လုပ်ငန်းရှင်တစ်ယောက်ကလည်း ” ထီးလင်းမှာ အခြေခံ လူသုံးကုန် ပစ္စည်းတွေနဲ့ စားသောက်ကုန်စည်တွေ ပြတ်လပ်နေတာ ၁ လရှိပြီ ၊ အခုဆို ထီးလင်းမှာ ဝက် ၁ ပိသာ ၃ သောင်း ၊ ဓာတ်ဆီ ၁ လီတာ ၁ ဗူးကို ၅ ထောင် ၊ ကြက်ဥ ၁ လုံးကို ၁ ထောင် ဖြစ်နေတယ် ၊ ဒါတောင် ဝယ်ချင်တိုင်း လိုသလောက် ဝယ်ယူလို့မရဘူး ၊ မျှတသုံးစွဲနေရတယ် ” လို့ ပြောပါတယ်။

ထီးလင်းမြို့ဒေသခံ မြို့မိ ၊ မြို့ဖ တစ်ယောက်က ” ထီးလင်းမြို့မှာ မြို့ပြ လူနေရပ်ကွက် ၃ ရပ်ကွက်ရှိတယ် ၊ အများစုက မြို့ပေါ်မှာ နေထိုင်သူတွေဟာ ဌာနဆိုင်ရာ ဝန်ထမ်းအသိုင်းအဝိုင်းတွေဖြစ်တယ် ၊ မြို့နယ် ကျန်းမာရေးဌာန (ဆေးရုံ) နဲ့ မြို့နယ်ပညာရေးမှူးရုံး ၊ မြေစာရင်းရုံး ၊ ပြည်သူ့ဝန်ဆောင်မှုပေးတဲ့ ဌာနဆိုင်ရာတွေ ရုံးမဖွင့်နိုင်တာ နှစ်နဲ့ချီပြီး ရှိနေပြီ ၊ အခုနောက်ပိုင်းဆို မြို့နယ်အတွင်းက တရွာနဲ့ တရွာ ကူးလူးသွားလာဖို့တောင် အဆင်မပြေတော့ဘူး ၊ ကုန်စည် စီးဆင်းမှုတွေကလည်း ရပ်တန့်သွာတာ လနဲ့ကြာနေပြီ ၊ အားလုံးနီးပါး စားဝတ်နေရေး ခက်ခဲကြပ်တည်းနေကြပြီဖြစ်တယ် “လို့ ပြောပါတယ်။

နောက်ထပ်ဒေသခံ တစ်ယောက်ကလည်း” အခုတလော ထီးလင်းနယ်မှာ နာတာရှည်ရောဂါသည်တွေဟာ ဆေးဝါးပြတ်လပ်နေကြတယ် ၊ သွေးညှိဆေးလိုဟာမျိုး ၊ ဆီးချို ၊ သွေးချိုလို ဆေးဝါးတွေမျိုး မသုံးကြရဘူး ၊ အဲ့ဒါကြောင့် လူသေဆုံးမှုနူန်းဟာလည်း မြင့်တက်လာနေတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် လူမှုကွန်ရက်ပေါ်မှာ ဧပြီ ၂၉ ရက်ကနေ မေ ၇ ရက်အထိ ထီးလင်းမြို့နယ်ထဲက ကျေးရွာတွေမှာ တရွာနဲ့တရွာ ကား ၊ ဆိုင်ကယ် ၊ စက်ဘီး ၊ ခြေလျင်နဲ့ ကူးလူးသွားလာတာမျိုး မပြုလုပ်ကြဖို့ ဂန့်ဂေါခရိုင် တပ်ရင်း ၁၅က ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #ထီးလင်း #ကုန်စည်ပြတ်လပ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW