လွိုင်ကော်မှာ ရုတ်တရက် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၉၈)လုံးပျက်စီးကာ ပြန်လည်တည်ဆောက်ဖို့အခက်အခဲရှိနေ

ဧပြီ၊ ၃၀-၂၀၂၃
MM(VOM)

ကယားပြည်နယ်၊လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ
မိုးသက်လေပြင်းရုတ်တရက် လူနေအိမ် ၁၀၀ နီးပါး ပျက်စီးခဲ့ကာ နေအိမ်တွေ ပြန်လည်ပြုပြင် တည်ဆောက် ဖို့အခက်ခဲတွေရှိနေတယ်လို့ လေဘေးသင့်ဒေသခံတွေဆီကနေ သိရပါတယ်။

”အခု ဧပြီလ၂၇ ရက် ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ရုတ်တရက် မိုးသက်လေပြင်းတွေတိုက်ခတ် တာကြောင့်ပျက်စီးခဲ့တာ၊အကုန်ဆို လူနေအိမ်ခြေ ၁၀၀ နီးပါး အထိရှိတယ်၊ တစိတ်တပိုင်းပျက်စီးတာက နည်းတယ်၊ လုံးဝပျက်စီးတာကများတယ်၊ အခု နေစရာ အိမ်မရှိဖြစ်နေတယ်၊ လေဘေးသင့်တွေ အရေးပေါ် အကူအညီ လိုအပ်နေပါတယ်၊တချို့ကတော့ သူတို့ရှိတာလေးနဲ့ပြုပြင်နေတာလည်းတွေ့ရတယ်။”လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် လွိုင်ကော်မြို့ထဲက ပါလောင်းကျေးရွာအုပ်စု၊ စူဖဲလော်ကျေးရွာက နေအိမ် ၇၄ လုံးနဲ့ နေပလုကျေးရွာက နေအိမ် ၂၄ လုံးစုစုပေါင်း နေအိမ် ၉၈ လုံးပျက်စီးခဲ့တာဖြစ်ပြီး လူတွေထိခိုက် သေဆုံးတာမရှိဘဲ ကျေးရွာဘုန်တော်ကြီးကျောင်းလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

”အခု ကျွန်မတို့ ဒေသခံတွေက ပိုက်ဆံရှိရင်တောင် နေအိမ်အသစ်ပြန်ဆောက်ဖို့ ပြုပြင်ဖို့အတွက် ဒေသမှာက စစ်ရေးတင်းမာနေတဲ့အတွက် သွားဝယ်ဖို့ လမ်းပန်းဆက်သွယ်ရေးက အဆင် မပြေပါဘူး၊ အခုနှစ်တွေမှာ ဒုက္ခအမျိုးမျိုးကြုံနေရတယ်၊ ငွေကြေး မပြည့်စုံတဲ့သူတွေဆို ပိုဆိုးပြီ ၊ဒေသမှာက စစ်ဘေးတမျိုး ၊ သဘာဝဘေးက တဖုံ ဖြစ်နေတာလေ၊တော်သေးတယ် အခုလူတွေ ဘာမှမဖြစ်လို့ပေါ့၊ ဘုန်းတော်ကြီးကျောင်းကတော့ အမိုးတွေအများဆုံး ပျက်စီးတာ။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မိုးသက်လေပြင်းဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ လူနေအိမ်တွေဟာ အခုနှစ်မှာမှ အသစ်ဆောက်ထားတဲ့ အိမ်တွေလည်း ပါဝင်ကာ သွပ်မိုး ၊ ထာရံကာ ၊ ပျဉ်ခင်း အိမ်တွေအများဆုံးပါဝင်တယ်လို့ သိရပါတယ်။

ကယားပြည်နယ်ထဲမှာ ၂၀၂၃ခုနှစ်အတွင်း အခုလို လူနေအိမ် ၁၀၀ နီးပါး သဘာဝဘေးဒဏ်ကြောင့်ပျက်စီးမှု ဖြစ်ပွားတာဟာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ရက်ကလည်း ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်စပ် ဆီဆိုင်မြို့နယ် ကယန်းလေးရွာမှာ ရုတ်တရက် မိုးရွာပြီးလေပြင်းတိုက်မှုဖြစ်ပွားတာကြောင့် ဒေသခံ နေအိမ်အလုံး ၅၀ နီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လွိုင်ကော် #မိုးသက်လေပြင်းကျ #နေအိမ်ပျက်စီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW