ပြင်သစ်ဆန္ဒပြပွဲအတွင်း အဓိကရုဏ်းတွေကြောင့် ရဲ ၁၀၀ ကျော်ဒဏ်ရာရ ၊ ဆန္ဒပြသူ ၃၀၀ နီးပါးကိုဖမ်းဆီး

ပါရီ၊ မေ-၂-၂၀၂၃
မျိုးဆက်(VOM)

ပြင်သစ်နိုင်ငံတ၀န်းမှာ ပင်စင်ပြုပြင်ပြောင်းလဲမှုတွေအပေါ် အမျက်ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းတွေအတွင်း ရဲတပ်ဖွဲ့၀င် ၁၀၈ ယောက်ထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေး၀န်ကြီးက ပြောပါတယ်။

အခုလို ရဲတပ်ဖွဲ့၀င်အများအပြား ဒဏ်ရာရရှိမှုဟာ ကြုံတောင့်ကြုံခဲဖြစ်ပြီး မငြိမ်မသက်မှုတွေအတွင်း လူ ၂၉၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်ထဲရေး၀န်ကြီး ဂျရယ်ဒါမာနင်က ပြောပါတယ်။

သမ္မတမက်ခရိုရဲ့ ပင်စင်ဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကိုဆန့်ကျင်တဲ့ အလုပ်သမားနေ့ဆန္ဒပြပွဲအတွင်း လူသိန်းချီပါ၀င်ခဲ့ပါတယ်။

အများစုက ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပေမယ့်လည်း အစွန်းရောက်သူအချို့ကတော့ ဓါတ်ဆီဗုံးတွေ မီးရှုးတွေနဲ့ ရဲတပ်ဖွဲ့၀င်တွေကို ပစ်ပေါက်ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့ပြီး အဓိကရုဏ်းတွေကြောင့် ဆန္ဒပြသူဘယ်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့လဲဆိုတာကိုတော့ ရှင်းလင်းစွာမသိရပါဘူး။

အလုပ်သမားနေ့မှာ ပြုလုပ်တဲ့ဆန္ဒပြပွဲတွေဟာ ပင်စင်ယူရမယ့် အသက်ကို ၆၂ နှစ်ကနေ ၆၄ နှစ်ထိတိုးမြှင့်လိုက်တဲ့ အပေါ် နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အကြီးအကျယ်ဆန္ဒပြမှုဖြစ်ပြီး ပင်စင်ဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကို ရုပ်သိမ်းဖို့ အလုပ်သမားသမဂ္ဂတွေက တောင်းဆိုနေကြပါတယ်။

Ref:BBC
Photo:AFP
#voiceofmyanmar #VOM #ပါရီ

Related posts

Leave a Comment

VOM News

FREE
VIEW