ဆူးငှက်
ဝိသာခါကြယ်ရောင်ထွန်း……….
ထွန်းထိန်လို့ဝေ၊
တိမ်ဘုံဗွေ မေဃဝန်မိုးသံကျူး
ထူးထွေမြူးပေ၊
ဖူးရွှေခိုင်မြတ် ပန်းပိတောက်တွေ
စကားဝါပွင့်တွေ၊
တူစုံမောင်မယ် ခူးစို့လေ။
(မြို့မငြိမ်း)
အရင်တုန်းက ကဆုန်လပြည့် ရွှေကြက်ယက်ဘုရား ညောင်ရေသွန်းပွဲတော်မှာ အထူး
စည်ကားလှသည်။ ပတ်ဝန်းကျင်ကျးရွာများမှ ရှေ့ဝင်း နောက်ဝင်း ခင်းကာ ညောင်ရေသွန်းပွဲ
ဆင်နွှဲကြပါသည်။
မန္တလေးမှာတော့ မဟာမုနိ၊ဗောဓိကုန်း၊ ရန်ကင်းတောင်၊ မန္တလေးတောင်တို့၌ စည်ကားသည်။ဗောဓိညောင်ပင် ခြေတော်ရင်းမှာ ရေအိုးတစ်လုံးပြီးတစ်လုံး ပြိုင်တူလက်ဆုံရင်း ညောင်ရေလောင်းကြတော့ သူ့ကိုယ့်၊ ကိုယ့်ကိုယ် ရေစိုရွှဲရတော့၏။ သူကလည်း နောက်ဆုတ်ဦးမှာမဟုတ်။ ကိုယ်ကလည်း ဖိုးကျိုင်းတုတ်။ ရေစက်ရေမှုန်ကြားမှ ခိုးကြည့်ရသော်လည်း သူ့တစ်မျက်နှာက ကိုယ့်မျက်နှာနှင့် တစ်တောင်သာသာ အကွာ။ ဒါပေမယ့် ရဲရဲမကြည့်ရဲ။ အသည်းကတော့ တဖိုဖို…။သည်လိုနှင့်….၊သည်လိုနှင့်…..။ ကဆုန်လပြည့်ပေါင်းများစွာ….သူ့ဘာသာ ဖြတ်သန်း….၊ ဖြတ်သန်း သွားတာ ကြာပေါ့။
ဧပြီကုန်တော့မေ…။
ချစ်စွာသောမေ…..။
မေကတော့ တက်ကြွမှု၏ ပြယုဂ်တစ်ခု။ တစ်ကမ္ဘာလုံးက သတိရနေဦးမည့် မေ….။
စစ်အေးကာလ အတွင်းကတော့ “မေ”သည် အရှေ့ဥရောပ၊ အာရှ၊ လက်တင်အမေရိက မြေများပေါ်တွင် ရဲရဲ လှုပ်ခတ်နေ၏။ အခုလို ဗဟုဝါဒ လွှမ်းခြုံကာလမှာ “မေ”၏သရုပ်က ငွေကြေး၊ဈေးကွက်ပြိုင်ဆိုင်မှု၊ အတတ်ပညာ၊ အရောင်းအဝယ်၊ ကွန်ပျူတာ ဖန်တီးမှု စွမ်းအားများအကြား ငုပ်လျှိုးပျောက်ကွယ်သွား…..။ တကယ်တော့ “မေ”သည် လူတစ်စုမဟုတ်၊ ဆိုင်းဘုတ်တစ်ခု မဟုတ်။ အလံတစ်လက် မဟုတ်။ စင်မြင့်တစ်ခု မဟုတ်။ သန်းပေါင်းများစွာသော အလုပ်လုပ်သည့် လူသားများ၏ “မေ”။ သူတို့၏ အနှစ်သာရ။ အကာအကွယ်၊ ရပိုင်ခွင့်၊ တန်ဖိုး…။ သည်လိုနှင့်….၊ သည်လိုနှင့်…။ “မေ”ပေါင်းများစွာ၊ သူ့ဘာသာ ဖြတ်သန်း….၊ ဖြတ်သန်းသွားတာ ကြာပေါ့။
စတိုးဆိုင်ကြီးများမှာတော့ အရောင်းစာရေးမ အလိုရှိသည် ဆိုင်းဘုတ်ကို အမြဲတမ်ရေးကာ ချိတ်ဆွဲထားကြ၏။ စာရေးမလေးတွေ ရက်(၂၀)နှင့် အသစ်ပြောင်းနေကြသည်။ မနက်(၈)နာရီ ဆိုင်အဖွင့်အမှီ ရောက်ရပြီး ည(၉)နာရီခွဲမှ ပြန်ကြရလို့ တစ်နေ့ အလုပ်ချိန်(၁၂)နာရီ ကျော်နေကြ၏။ တရုတ်နှစ်သစ်ကူး ဆိုင်ပိတ်မှပဲ ဝင်းလိုက်ရုံမှာ ရုပ်ရှင်ကြည့်ဦးမယ်ဟု ကြိမ်းဝါးနေသည့် လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေးတွေ ဘယ်ရောက်သွားပါလိမ့်။ သူတို့နေရာမှာ သူတို့ထက် အများကြီးငယ်တဲ့ ကလေးလေးတွေ ကျေးလက်က ရောက်လာကြ၏။ အထွေထွေ အကျပ်အတည်းတွင် အရှုံးပေါ်သောကြောင့် စက်ရုံကြီး ပိတ်လိုက်သည်။ အလုပ်သမားများ (၃)လစာနှင့် ကျေနပ်လိုက်ကြရ၏။ (၃)လစာ ရသည်ကိုပင် ကျေးဇူးတတင်တင်….။
အမှန်တရား၏ ဖွားဖက်တော် ဟူသော မီဒီယာကုမ္ပဏီ တရားဝင်တော့မရပ်။ သို့သော်
ဝန်ထမ်းတွေ လစာ ရလိုက် မရလိုက်။ မနေနိုင်လည်း ကိုယ့်သဘောနှင့်ကိုယ် ထွက်ကြပေရော့။ အလုပ်သမား အခွင့်အရေးအကြောင်း အမြဲရေးသည့် သတင်းထောက်လေး အွန်လိုင်းက ဈေးရောင်းရင်း ကုမ္ပဏီလစာကို မျှော်နေသည်။ အလွဲသုံးစားမှုကြောင့် ကုမ္ပဏီ ဒါရိုက်တာကြီး အရေးယူခံလိုက်ရသည်။ စိတ်ကျလူကျနှင့် ဆေးရုံတက်ရ၏။ မထင်မှတ်ဘဲ HIB AIDS (Positive)ဖြစ်နေသည်။ သူနာမည်ကြီးတာ တခြားကိစ္စ။ ကုမ္ပဏီက သူနှင့်ပတ်သက်ခဲ့ရသည့် ဝန်ထမ်းမမ၊ မီးမီးလေးတွေ ထိုင်ရမလို ထရမလို ဖြစ်ကုန်သည်။
သည်လိုနှင့်…. ၊သည်လိုနှင့်….။
ဧပြီအကုန်“မေ”သို့ ရောက်ရချေပြီ။
မေကိုလည်း… မေ့မေ့လျော့လျော့ ဖြတ်သန်းကြရဦးမှာပေါ့။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး