ပြည်မြို့ဆေးရုံမှာ ဆေးလာကုတဲ့ သက်ကြီးပိုင်းအမျိုးသမီး ကိုဗစ်ရောဂါနဲ့ ကွယ်လွန်

မေ ၂ – ၂၀၂၃
GG(VOM)

ပဲခူးတိုင်းအနောက်ပိုင်း ၊ ပြည်မြို့ ဆေးရုံကြီး မှာ ကိုဗစ် ၁၉ ရောဂါနဲ့ အမျိုးသမီး ၁ ဦးသေဆုံးမှု မေလ ၁ ရက်နေ့က ဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။

သေဆုံးသူအမျိုးသမီးမှာ တွေ့ရှိရတဲ့ ရောဂါလက္ခဏာတွေကတော့ အခုအသစ်ထပ်မံတွေ့ရှိနေတဲ့ ကိုဗစ် ​မျိုးကွဲအသစ် ပုံစံမျိုးဖြစ်တယ်လို့သိရပါတယ်။

” ဆရာဝန်တွေကတော့ ​အတည်တကျတော့ အမည်မတပ်ဘူး၊ဒါပေမယ့် စစ်ဆေးကြည့်လိုက်တော့ ရောဂါလက္ခဏာပုံစံက နောက်ဆုံးမျိုးကွဲပုံဖြစ်နေတယ် ။သူက ဆေးလာကုတယ်၊ကုတော့ဆေးစစ်တော့မှ ကိုဗစ်တွေ့တယ်၊တွေ့တော့ကိုဗစ်လူနာသီးသန့်ထားတဲ့နေရာမှာဆေးကုပေးနေတာကနေ မနေ့ကည သေသွားတာပါ “လို့ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးကပြောပြပါတယ်။

သေဆုံးသူအမျိုးသမီးဟာ ဧရာဝတီတိုင်း မြန်အောင် မြို့နယ်ကနေ ပြည်မြို့ကုတင် ၅၀၀ ဆေးရုံကို လာရောက်ဆေးကုသနေတဲ့ အသက် ၆၇ နှစ်အရွယ် ဒေါ်စန်းမြင့်ဆိုသူဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ ကိုဗစ်နဲ့သေဆုံးသူအမျိုးသမီးအလောင်း ကို မြန်အောင်ထိပြန်သယ်ခွင့်မပြုဘဲ ဒီနေ့ မေလ ၂ ရက်နေ့ ပြည်မြို့မှာပဲ ကိုဗစ်စည်းကမ်းတွေနဲ့အညီ သဂြိုလ်ခဲ့တယ်လို့သိရပါတယ်။

နောက်ပြီး သေဆုံးအမျိုးသမီးနဲ့အတူပါလာတဲ့ ထိတွေ့ အမျိုးသမီး ၃ ဦးကိုလည်း ကိုဗစ်ရောဂါပိုးရှိမရှိ ဆေးစစ်ခဲ့ရာ မတွေ့ရှိတာကြောင့် မြန်အောင်ကို လူမှုကူညီရေးအသင်းကား တွေနဲ့ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီလ ၁၉ ရက်နေ့ ကစပြီး ကိုဗစ်ပိုးတွေ့ရှိမှုနူန်း ပြန်လည်မြင့်တက်လာတာဖြစ်ပြီး ဒီနေ့မေလ ၂ ရက်နေ့မှာဆိုရင် ကိုဗစ်အတည်ပြုလူနာ ၁၁၉ ယောက်အထိရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။

ဒါ့ကြောင့် လက်ရှိ​ဆေးရုံတွေမှာ ကိုဗစ်အတည်ပြုလူနာတွေ ဆေးကုသဖို့အတွက် သီးသန့်နေရာတွေ အဆင်သင့်ပြင်ဆင်ထားတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပြည် #ကိုဗစ်နဲ့ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW