ကျောက်ပန်းတောင်းမြို့နယ်ထဲက၊ ပွေးကျစ်နယ်မြေရဲစခန်း ဝင်ရောက်စီးနင်းခံရ

မေ ၊ ၃ ၊ ၂၀၂၃
SP (VOM)

မန္တလေးတိုင်း ၊ ကျောက်ပန်းတောင်းမြို့နဲ့ ၁၂ မိုင်ခန့်ကွာဝေးတဲ့ ၊ ပွေးကျစ် (မြောက်) ကျေးရွာမှာရှိတဲ့ ၊ ပွေးကျစ်နယ်မြေရဲစခန်းကို မနေ့ မေ ၂ ရက် ညနေပိုင်းက ဝင်ရောက်တိုက်ခိုက် စီးနင်းခံရတယ်လို့ ပွေးကျစ်ရွာခံတွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၂ နာရီဝန်းကျင်လောက်က အရပ်ဝတ် လက်နက်ကိုင် လူ ၂၀ ကျော်က ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ပြီး ဝင်ရောက်စီးနင်းတာဖြစ်တယ်” လို့ ပွေးကျစ်ရွာခံတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲစခန်းမှာရှိတဲ့ အဆောက်အဦးတချို့နဲ့ သက်သေခံ သိမ်းဆီးထားတဲ့ ကားတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ဝင် မိသားစုတွေနဲ့ တပ်ဖွဲ့တွေတချို့ သေဆုံး ၊ ဒဏ်ရာရ ၊ ပျောက်ဆုံးနေတာရှိတယ်လို့ အဲ့ဒီရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး မန္တလေးတိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က ” ကျောက်ပန်းတောင်းနယ်က ပွေးကျစ်နယ်မြေရဲစခန်း တိုက်ခိုက်ခံရတာဖြစ်တယ် ၊ မနေ့က ရုံးထုတ်သွားတဲ့အချိန် စခန်းမှာ နောက်ချန် အင်အားနည်းတဲ့အချိန် ဝင်ရောက်တိုက်ခိုက်ခံရတာပါ ၊ အဲ့ဒီတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် မိသားစုဖြစ်တဲ့ ရဲတပ်ကြပ် ဝင်းမြင့်ရဲ့ မိန်းမ မဉမ္မာဝင်းနဲ့ သူ့ရဲ့သားဖြစ်သူ မောင်ဝေးထူး တို့ သားအမိ သေနတ်ထိမှန် သေဆုံးတယ်၊ နောက်ပြီး ရဲတပ်ကြပ်ကြီး ရဲဝင်း ဆိုသူကတော့ ဒဏ်ရာရတယ် ၊ ရဲစခန်းမှူး ရဲအုပ် မျိုးလွင်နဲ့ ရဲတပ်ကြပ်ကြီး အောင်အောင် ဆိုသူ ၂ ယောက်ကတော့ ဒီမနက်အထိ ဆက်သွယ်မရဘဲ ပျောက်ဆုံးနေဆဲ ဖြစ်တယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း မန္တလေးတိုင်း ညောင်ဦးခရိုင်ထဲက ငါးသရောက် နယ်မြေရဲစခန်း ဝင်ရောက်စီးနင်းခံရတာ ဖြစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ချင်းပြည်နယ် ၊ထန်းတလန်ရဲစခန်း ၊ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် ၊ မစိန်နယ်မြေရဲစခန်း ၊ ဖောင်းပြင်မြို့နယ် ၊ မိုင်းချောင်းနယ်မြေရဲစခန်း ၊ အောက်တောင်း ရဲကင်းစခန်းတွေလည်း ပြီးခဲ့တဲ့နှစ်က စီးနင်းခံရတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ကျောက်ပန်းတောင်း ပွေးကိစ်နယ်မြေရဲစခန်း #ဝင်ရောက်စီးနင်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW