ထန်းတပင်က ရွာ၃ရွာမှာ တိုက်ပွဲဖြစ်ပြီး ဒေသခံရွာသားအချို့သေဆုံးသလို ဒဏ်ရာရသူတွေလည်းရှိခဲ့

မေ ၃- ၂၀၂၃
GG(VOM)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်က ကျေးရွာ ၃ ရွာမှာ တိုက်ပွဲတွေဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေပါရှိခဲ့တာကြောင့် ဒေသခံရွာသား ၃ ယောက်သေဆုံးပြီး ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဖြစ်စဥ်မှာ မနေ့ကမေလ ၂ ရက် ညနေပိုင်းက ဘုမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာနဲ့ ကျွဲလမ်းကျေးရွာတွေအပေါ် ဗုံးကြဲခံခဲ့ရတာဖြစ်ပြီး အဲ့ဒီမှာ လူသေဆုံးတာတွေရှိခဲ့တဲ့အပြင် နေအိမ်တွေ ဘုန်းကြီးကျောင်းအချို့လည်း လက်နက်ထိမှန်ပျက်စီးတာတွေရှိခဲ့တယ်လို့သိရပါတယ်။

” ဗုံးမကြဲခင် စစ်တပ်နဲ့ pdf တွေ နှစ်ဖက်က ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တယ်။အဲ့ဒီနောက် ညနေရောက်တော့ လေယာဥ်နဲ့ဗုံးကျဲခံရတယ်။ပြေးတဲ့သူတွေလည်းပြေးကြရတာပေါ့ဗျာ။အဲ့ဒီအထဲကမှ ၃ ယောက်သေတယ်၊၃ယောက်ဒဏ်ရာရတယ်။လေယာဥ်နဲ့ဗုံးကြဲချိန်က ရွာထဲမှာ ဒေသခံတွေပဲရှိတော့တဲ့အချိန်လို့ သိရတယ် ၊အခုကတော့ ရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်”လို့ ကူညီရေးလုပ်ပေးနေသူတစ်ဦးကပြောပါတယ်။

သေဆုံးခဲ့သူတွေကတော့ ကျွဲလမ်းကျေးရွာက အသက် ၂၂ နှစ်အရွယ် မစုလှိုင်အေး၊ အသက် ၃၀ နှစ်အရွယ် ကိုရဲစိုးအောင် နဲ့အသက် ၃၀ အရွယ်မလဲ့လဲ့ခိုင် ဆိုသူတို့ဖြစ်တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကတော့ ဦးညွှန့်မောင် ၅၅ နှစ်၊မောင်ထွန်းဝင်း ၂၂ နှစ် နဲ့ အသက်မပြည့်သေးတဲ့ ၁၂ နှစ်အရွယ် မပိုးအိသိမ့် တို့ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲ့ဒီ ရွာ၃ရွာက ဒေသခံရွာသားတွေအနေနဲ့ ဘေးလွတ်ရာကိုထွက်ပြေးပြီး စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်မှုတော့မရှိသေးပါဘူး။

#voiceofmyanmar #VOM #ထန်းတပင်

Related posts

Leave a Comment

VOM News

FREE
VIEW