မုန်တိုင်းအန္တရာယ် အထူးသတိပြုဖို့ လိုအပ်

မေ ၅ – ၂၀၂၃
SN (VOM)

ဘင်္ဂလားပင်လယ်အော်အတွင်း လာမယ့် မေ ၈ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နိုင်တဲ့အတွက် အထူးဂရုပြုဖို့ လိုအပ်တယ်လို့ မိုးလေသဝပညာရှင်တွေက သတိပေးထားပါတယ်။

မေ ၅ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ မေ ၇ ရက်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ပြီး အဲဒီ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအား ကောင်းလာနိုင်ကာ မေ ၈ ရက်မှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

“ဧပြီလကုန် မေလဆန်းရက်တွေက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းကြီးတွေ ဖြစ်တတ်တဲ့အချိန်ဆိုတော့ မုန်တိုင်းဘေးလျော့ပါးရေး ကြိုတင်ပြင်ဆင်ထားနိုင်ရင် အကောင်းဆုံးပါ။ လာမယ့် ၈ ရက်နေ့မှာ မုန်တိုင်းက ဖြစ်လာဖို့ရှိပါတယ်။ ကျန်တာမသေချာသေးပါဘူး” လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး)မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။

အခုအချိန်ဟာ မုန်တိုင်း အစပျိုးခြင်းမရှိသေးတဲ့အတွက် ခန့်မှန်းချက်တွေအားလုံးဟာ တိုင်းထွာတဲ့အချိန်၊ အသုံးပြုတဲ့ အချက်အလက်နဲ့ ခန့်မှန်းတွက်ချက်တဲ့ မော်ဒယ်လ်တို့အပေါ်မူတည်ပြီး မုန်တိုင်းရွေ့လျားမယ့်လမ်းကြောင်း အမျိုးမျိုးပြောင်းလဲနေတယ်လို့ သိရပါတယ်။

မုန်တိုင်းလမ်းကြောင်းဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်မယ်ဆိုရင် မြစ်ဝကျွန်းပေါ်ဒေသ၊ ကမ်းရိုး တန်းဒေသတွေ အပါအဝင် နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများနိုင်ပြီး အိန္ဒိယဘက်ကို ဦးတည်မယ်ဆိုရင်တော့ မိုးရွာသွန်းမှု နည်းနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

“ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ချိန်မှာ မုန်တိုင်းရဲ့အတွင်းစက်ဝန်းအချင်းက မိုင် ၈၀ ရှိတာတွေ့ရပြီး လေတိုက်နှုန်း (Wind Gust) တနာရီ ၁၂၅ မိုင်ခန့်အထိ ရှိနေကြောင်းလည်းတွေ့ရပါတယ်။ မုန်တိုင်းဗဟိုအနီးမှာ လှိုင်းအမြင့် ၂၇ ပေခန့်အထိ ရှိနေပြီး၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ ရန်ကုန်မြစ်ကဲ့သို့ ပင်လယ်ထွက်ပေါက်ရှိမယ့် မြစ်ချောင်းများအတွင်း မုန်တိုင်းဒီရေ ၁၀ ပေနှင့်အထက် ၁၅ ပေခန့်အထိ တက်လာနိုင်ကြောင်းလဲ တွေ့ရပါတယ်” လို့ သူက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဟာ သံလျင်မြို့ပေါ်ကဖြတ်ပြီး ခရမ်း၊ သုံးခွ၊ ကဇင်း၊ အင်းတကော်၊ ပဲခူး၊ ဝေါ၊ ဒိုက်ဦး၊ ညောင်လေးပင်မြို့ပေါ်က ကုန်းတွင်းမုန်တိုင်းအဆင့်နဲ့ ဆက်လက်ဖြတ်သန်းပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ဟိုမိန်းနဲ့ မုံးထဒေသအထိ ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

European Centre for Medium-Range Weather Forecasts (ECMWF) ရဲ့ ကြိုတင်ခန့်မှန်းချက်အရ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသအချို့၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဒေသ နေရာအများစုမှာ မိုးသည်းထန်နိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

“ဘယ်လောက်ထိလဲဆို ၁၀ လက်မအထက်ထိကို ရွာနိုင်တယ်။ တချို့နေရာတွေဆို ၁၄ လက်မ၊ ၁၅ လက်မလောက်အထိကို တွေ့တယ်။ GFS မိုဒယ်ရဲ့ ခန့်မှန်းချက်အရဆိုရင်တော့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းကနေ ကချင်ပြည်နယ်အထိကို မိုးတွေ လေတွေ ရောက်မယ်။ လောလောဆယ်ထိတော့ နှစ်မျိုးဖြစ်နေသေးတာပေါ့” လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဒေသတွေကိုတော့ မုန်တိုင်းအရှိန် သက်ရောက်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #မုန်တိုင်းအန္တရာယ် #အထူးသတ်ိပြုဖို့လိုအပ်

Related posts

Leave a Comment

VOM News

FREE
VIEW