မှော်ဘီက မူကြိုကျောင်းတစ်ကျောင်းမှာ ကလေးငယ်တစ်ဦး ကျောင်းကားထဲ ပိတ်မိပြီး သေဆုံး

မေ ၅ – ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မူကြိုကျောင်းတစ်ကျောင်းမှာ ကလေးငယ်တစ်ဦး ကျောင်းကားထဲ ပိတ်မိ သေဆုံးမှု မနေ့ မေ ၄ ရက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ ကလေးငယ်ဟာ အသက် ၅ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးဖြစ်ပြီး မနက် ၉ နာရီ ကျောင်းတက်ချိန်ကနေ နေ့လယ် ၁ နာရီခွဲ ကျောင်းဆင်းအချိန်အထိ ကျောင်းကားထဲ ပိတ်မိနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သူ့အမေက ညနေကျောင်းဆင်းချိန် ကလေးပြန်မလာသေးလို့ ကျောင်းကို ဖုန်းဆက်မေးတော့မှ ကလေးပျောက်မှန်းသိပြီး လိုက်ရှာကြတယ်လို့ သိရတယ်။ ပြန်တွေ့တဲ့အချိန်မှာ ကလေးက အသက်မရှိတော့ဘူး။ ကလေးက ရာသီဥတု ပူပူလောင်လောင်နဲ့ ကားပေါ်မှာ အချိန်အကြာကြီး ပိတ်မိနေခဲ့တာပါ” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အခင်းဖြစ်တဲ့နေ့က အသုံးပြုခဲ့တဲ့ မူကြိုကျောင်းကားဟာ ပုံမှန်အသုံးပြုနေကျ ကျောင်းကားမဟုတ်ဘူးလို့ သိရပါတယ်။

အရင် အကြိုအပို့လုပ်နေကျ ကျောင်းကားက ပျက်နေတဲ့အတွက် တခြားကားကို ပြောင်းလဲအသုံးပြုခဲ့တာဖြစ်ပြီး အဲ့ဒီ့ကားဟာ တစ်ကားလုံး စတေကာအမည်းတွေအုပ်ထားတဲ့ကား ဖြစ်တယ်လို့ သိရပါတယ်။

“ဒီဖြစ်ရပ်မှာ မူကြိုကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ဒါရိုင်ဘာရဲ့ ပေါ့ဆမှုကို အထင်းသားတွေ့နိုင်တယ်။ ဆရာ၊ ဆရာမတွေ အနေနဲ့ကလည်း ကလေး စာသင်ခန်းထဲရောက်မလာရင် ခွင့်တိုင်လား၊ မတိုင်ရင် မိဘတွေဆီ ဖုန်းဆက်မေးသင့်တယ်။ တချို့ကလေးတွေက ကျောင်းကားမစီးတာမျိုးလည်း ရှိတယ်လေ။ ပြီးတော့ ကျောင်းကားနဲ့ဆို ကလေးတွေကိုသွားကြိုရင် ဆရာ သို့မဟုတ် ဆရာမတယောက်ကတော့ အမြဲပါရမှာပဲ။ သူကရော ကလေးတွေအကုန် ကားပေါ်ကဆင်းလား၊ မဆင်းဘူးလား မစစ်ဘူးလား။ ဒါရိုင်ဘာကလည်း ကားကိုသေချာစစ်ဆေးပြီးမှ လော့ခ်ချသင့်တယ်။ မိဘတွေ အနေနဲ့ကလည်း ကိုယ့်ကလေး ကျောင်းကားပေါ် ပါသွားတဲ့အချိန်၊ ကျောင်းသွားတဲ့အချိန်ကစပြီး ကျောင်းရောက်တဲ့အချိန်ကို ခန့်မှန်းပြီး ကိုယ့်ကလေး ကျောင်းကိုရောက်၊ မရောက် ကျောင်းကို ဖုန်းဆက်မေးသင့်တယ်“ လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

အခုဖြစ်စဉ်မှာသေဆုံးသူကလေးငယ်ရဲ့ မိဘတွေဟာ တောင်ငူဇာတိဖြစ်တဲ့အတွက် ကလေးငယ်ရဲ့ ရုပ်အလောင်းကို တောင်ငူမြို့ကို မေ ၄ ရက်နေ့၊ ညနေပိုင်းက ပြန်လည် သယ်ဆောင်သွားခဲ့ပြီး မေ ၆ ရက်မှာ သဂြိုဟ်မှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မှော်ဘီ #ကလေးတစ်ဦး #ကျောင်ကားပေါ်ပိတ်မိသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW