၆ ရက်အတွင်း ကိုဗစ်ကူးစက်မှု ၁၀၀၀ ကျော်အထိရှိလာပြီး သေဆုံးသူ ၃ ယောက်ရှိခဲ့

မေ ၇ – ၂၀၂၃
GG (VOM)

မြန်မာနိုင်ငံမှာ ၆ ရက်အတွင်း ကိုဗစ် ၁၉ ရောဂါ အတည်ပြုလူနာပေါင်း ၁၀၀၀ ကျော်အထိ ကူးစက်မှု တွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရသိရပါတယ်။

အဆိုပါ ကိုဗစ်လူနာတွေ့ရှိမှု စာရင်းဟာ မေလ ၁ ရက်နေ့ကနေ မေလ ၆ ရက်နေ့အထိ ကူးစက်ခံရသူတွေဖြစ်ပြီး စုစုပေါင်း ၁၀၀၅ ယောက်ဖြစ်ကြောင်း ၊သေဆုံးတဲ့လူနာကတော့ ဒီနေ့ မေလ ၇ ရက်နေ့အထိဆိုရင် ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့တဲ့လူနာ ၃ ယောက် ရှိခဲ့တယ်လို့ သက်ဆိုင်ရာမြို့နယ်ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

” ဆေးရုံက ဒီလူနာဟာ ကိုဗစ်နဲ့သေတာအတည်ပြုလို့ ကျနော်တို့က ကိုဗစ်စည်းကမ်းနဲ့သဂြိုလ်ပေးရတာပါ။ကိုဗစ်ဆိုတာ လူနာရှင်တွေကိုယ်တိုင်လည်းသိတယ်၊မိသားစုဝင်တွေတောင် ဆေးစစ်ကြရတာပဲလေ ။ဝန်ကြီးဌာနဘက်က ဘာလို့သေဆုံးစာရင်းမထုတ်လဲတော့ ကျနော်တို့လည်းမသိပါဘူး “လို့ ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့တဲ့လူနာကို သဂြိုလ်ပေးခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ပထမဆုံးတစ်ယောက်က အသက်ကြီးပိုင်းအမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး သူဟာ ဟင်္သာတမြို့ ကနေ ပြည်မြို့ကို ဆေးလာကုရင်း ပြည်ဆေးရုံကြီးမှာ မေလ ၁ ရက်နေ့က ကိုဗစ်ရောဂါနဲ့သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒုတိယတစ်ယောက်က ဟင်္သာတဆေးရုံကြီးမှာ ဆေးလာကုရင်း သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

တတိယတစ်ယောက်ကတော့ ဒီနေ့ မေလ ၇ ရက်နေ့မှာ မန္တလေး ဆေးရုံကြီးကို မလှိုင်မြို့ကနေ ဆေးလာကုတဲ့ အသက်ကြီးပိုင်းအမျိုးသားတစ်ဦး ကိုဗစ် ၁၉ ရောဂါနဲ့ သေဆုံးမှုဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

အဆိုပါ ကိုဗစ်ရောဂါကြောင့် သေဆုံးတဲ့ စာရင်းကိုတော့ ကျန်းမာရေးဝန်ကြီးဌာနဘက်က တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့်ကျန်းမာရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ သင်္ကြန်ကာလအပြီး ဧပြီလ ၁၉ ရက်နေ့ ကစပြီး ကိုဗစ်ပိုးတွေ့ရှိမှုနူန်း တနေ့ထက်တနေ့ မြင့်တက်လာတာဖြစ်ပြီး အဲ့ဒီနောက် ပြည်သူ့ဆေးရုံကြီးတွေမှာ ကိုဗစ်လူနာကုသဖို့နေရာတွေ သီးခြားပြင်ဆင်ကာ ကူသမှုတွေကို လုပ်ဆောင်နေရတယ်လို့သိရပါတယ်။

အခုဖြစ်ပွားနေတဲ့ ပြည်တွင်းကိုဗစ်ရောဂါကူးစက်မှုထဲမှာ ကိုဗစ်မျိုးကွဲသစ်ဖြစ်တဲ့ ကိုဗစ်(၁၉)မျိုးရိုးဗီဇပြောင်း ရောဂါပိုး XBB 1.16(Arcturus) ကူးစက်သူတွေလည်းတွေ့ရှိထားတယ်လို့ သိရပါတယ်။

” အပူချိန်အလွန်မြင့်မားလွန်းတော့ မျက်စိနာတာတွေ၊ မျက်စိစွန်တာတွေ၊ ဖျားတာနာတာတွေလည်း အဖြစ်များလာတယ်။အိုမီခရွန်မျိုးကွဲသစ် XBB.1.16 လို့ခေါ်တဲ့ မျိုးစိတ်ကလည်း မျက်စိနဲ့ပတ်သက်တဲ့ လက္ခဏာတွေ ပါဝင်နေတာမို့ သတိထားသင့်ပါတယ် ၊အခုလို ပူပြင်းပြီး ရေဓာတ် ဆုံးရှုံးနေရချိန်မျိုးမှာ ကိုဗစ်မိခဲ့ရင် လူငယ်တွေအတွက် မသိသာပေမယ့် ကိုယ်ခံအားနည်းတဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ အသက်အန္တရာယ်ရှိလာတဲ့အထိ ထိခိုက်နိုင်တာကို သတိထားဖို့ လိုအပ်ပါတယ် “လို့ အထွေထွေရောဂါကု ဆရာဝန်ကြီးတစ်ဦးက မှတ်ချက်ပြုပြောဆိုပါတယ်။

လက်ရှိ ကိုဗစ် ၁၉ ရောဂါ ပိုးတွေ့လူနာတွေမှာ တွေ့ရှိရတဲ့ ရောဂါလက္ခဏာတွေက လည်ချောင်းနာခြင်း၊ မျက်စိနီခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ ချွဲထွက်ခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အနံ့ပျောက်ခြင်း၊ အဖျားကြီးခြင်း၊ ခန္ဓာကိုယ်နုံးချိခြင်းနဲ့အသက်ရှူကြပ်ခြင်း စတဲ့လက္ခဏာတွေ တွေ့ရှိရတယ်လို့သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်၁၉ ရောဂါဖြစ်ပွားမှုကို ကာကွယ်ဖို့ဆိုရင် လူထူထပ်တဲ့နေရာကိုရှောင်ဖို့နဲ့ မဖြစ်မနေသွားရပါက နှာခေါင်းစည်းတပ်ဆင်ဖို့ လိုသလို၊ ကိုဗစ်ကာကွယ်ဆေးကိုလည်း လူတိုင်း အကြိမ်ပြည့်ထိုးနှံဖို့လိုကြောင်း၊ ဆေးထိုးနှံပြီး ၆ လပြည့်ပြီးသူတွေအနေနဲ့လည်း ထပ်ဆောင်းကာကွယ်ဆေးကို ထပ်ပြီးထိုးဖို့လိုအပ်တယ်လို့ သတိပေးပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #ကိုဗစ်၁၉ရောဂါကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW