တနေ့ထက်တနေ့ တိုးလာတဲ့အပူချိန်ကြောင့်ရုတ်တရက်လဲကျသေဆုံးသူတွေ ရှိလာသလို၊ အရေးပေါ်လူနာတွေလည်းရှိလာ

မေ ၁၀-၂၀၂၃
GG(VOM)

မြန်မာနိုင်ငံမှာ တနေ့ထက်တနေ့ ပိုပြီး မြင့်တက်လာတဲ့ အပူချိန်ကြောင့် အခုရက်ပိုင်းတွေမှာ ရုတ်တရက် သေဆုံးသူတွေ ၁၀ ယောက်ထက် မနည်းရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ နေ့ဘက် ၊ ညနေစောင်းအချိန်တွေမှာ သွားလာလှုပ်ရှားရင်း အပူရှိန်ကြောင့် ရုတ်တရက်လဲကျကာ အပူတက်ပြီး သတိလစ်သေဆုံးတာ၊ ဦးနှောက်သွေးကြောပြတ်တာ၊ အခန်းတွင်း အပူများပြီး အသက်ရှူကြပ်သေဆုံးနေကြ တာဖြစ်တယ်လို့ လူမှုကူညီရေးလုပ်ဆောင်သူတွေဆီကသိရပါတယ်။

မနေ့ မေလ ၉ ရက်နေ့ကဆိုရင်လည်း ပြည်မြို့မှာ အပူချိန်မြင့်တက်နေချိန် အမျိုးသားတစ်ဦး ရုတ်တရက်လဲကျကာ နှာခေါင်းသွေးထွက် ၊ အတက်လွန် ၊သတိလစ်လို့ ဆေးရုံကြီးကို အရေးပေါ်လူနာအဖြစ် ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

“မနေ့က ည​နေ (၅) နာရီလောက်ပေါ့၊Head Stroke အပူပြင်းမှုကြောင့် အမျိုးသားတစ်ဦး အတက်လွန်​၊သတိလစ်ပြီး၊မျက်ခုံးကွဲ ၊ နှာခေါင်းသွေးလျှံလို့ ဆေးရုံပို့ခဲ့ရတယ်။အပူချိန်က တအားကိုပြင်းနေတာ နေလို့ထိုင်လို့ကို မရတဲ့အဆင့်ရောက်နေပြီ ” လို့ ပြည်မြို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

မေလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့မှာလည်း မွန်ပြည်နယ်၊ ​သံဖြူဇရပ်မြို့နယ်မှာ အပူရှိန်ကြောင့် ဦးနှောက်သွေးကြောပြတ်ကာ အမျိုးသား ၂ ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် အပူရှိန်ကြောင့် မူးလဲတာ ၊အသက်ရှူကြပ်လို့ ဆေးရုံကို ကုသမှုခံယူဖို့ပို့ဆောင်ခဲ့ရတာတွေလည်းရှိတယ်လို့သိရပါတယ်။

မေလ ၄ ရက်နေ့ကလည်း ရန်ကုန်၊ မှော်ဘီမြို့နယ်က မူကြိုကျောင်းတစ်ကျောင်းမှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျောင်းကားထဲ တနေကုန် ပိတ်မိခဲ့လို့ အပူရှိန်ကြောင့် အသက်ရှုကြပ်ကာ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

မနေ့က မေလ ၉ ရက်နေ့မှာဆိုရင် နေ့အပူချိန်က ကျောက်ဆည်၊တမူး ၊ဗန်းမော်မြို့တွေမှာ အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်အမြင့်ဆုံးအပူချိန်ဖြစ်ခဲ့ပြီး ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်က မြို့နယ်တွေမှာလည်း အပူချိန် ၄၄ ဒီဂရီစင်တီဂရတ်အထိ အမြင့်ဆုံးအပူချိန်ရှိခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်မှုအရသိရပါတယ်။

အခုလိုအပူချိန်တွေ မြင့်တက်နေတဲ့အချိန်မှာ အသက်အရွယ်ကြီးရင့်သူတွေ၊နာတာရှည် ကျန်းမာရေးဂရုစိုက်မှုခံယူနေရသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ၊ ကလေးသူငယ်တွေ၊ အရက်အလွန်အကျွံသောက်သုံးသူတွေ၊ သွေးတိုး၊ဆီးချို စတဲ့ ရောဂါအခံရှိသးတွေအနေနဲ့ အပူလျှပ်ခြင်း Heat Stroke ဖြစ်နိုင်တာကြောင့် အသွားအလာ အနေအထိုင် အစားအသောက်တွေကိုသတိထားဖို့ ဆရာဝန်တွေက အသိပညာပေးတာ ၊သတိပေးတာတွေပြောဆိုထားကြပါတယ်။

” နေအရမ်းပူနေတဲ့အချိန် အပြင်မထွက်ဖို့၊ အဲ့ဒီအချိန် ဆေးခန်းမပြဖို့ လာပြတဲ့လူနာတိုင်းကို သတိပေးနေရတယ်။အပူချိန်မြင့်ချိန် ရေမချိုးဖို့ အကုန်လုံးသတိပေးနေရတယ်။ အငန် လျှော့စားဖို့ အကုန်လုံးပါပဲ ။ အပူရှိန်ကအရမ်းကိုပြင်းနေတော့ အကုန်လုံးကို ဂရုစိုက်မှရမယ်။ အရက်သမားတွေဆိုလည်း လျှော့သောက်ဖို့ပြောချင်တယ်။” လို့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောပါတယ်။

အပူချိန်တွေမြင့်တက်နေတဲ့ကာလမှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း မလိုအပ်ဘဲ အပြင်ကိုမထွက်ဖို့၊ မဖြစ်မနေအပြင်ထွက်ရပါက နေပူဒဏ်ကာကွယ် အပြည့်အစုံဝတ်ဆင်ဖို့၊နေပူထဲမှပြန်လာလာချင်း ရေချိုးတာမျိုးမလုပ်ဖို့ အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ အလယ်လောက်ကစပြီး အပူချိန်တွေ စံချိန်တင် မြင့်တက်လာတာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့အခြေအနေက မိုးရွာမယ့်အချိန်ကို စောင့်မျှော်နေကြပြီး မိုခါမုန်တိုင်းလာမှာကိုပင် မျှော်နေကြရတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကဆိုရင် မြန်မာနိုင်ငံမှာ အပူချိန်လွန်ကဲ မြင့်တက်မှုကြောင့် Heat Stroke ဖြစ်ပွားခဲ့သူ ဦးရေ အယောက် ၂၀၀ နီးပါးရှိခဲ့ပြီး အဲ့ဒီအထဲကမှ အယောက် ၃၀ ကျော်ကတေ့ာ အပူဒဏ်ကြောင့် သေဆုံးခဲ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ သိရပါတယ်။

Photo Crd -Original Uploader
#voiceofmyanmar #VOM #အပူချိန်မြှင့်တက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW