ဖောင်းကြွနံပါတ်ပြား မလဲရသေးတဲ့ယာဥ်တွေကို စတင်အရေးယူနေပြီး ဒဏ်ကြေးထက် ပိုမိုကောက်ခံမှုတွေလည်းရှိနေ

မေ ၁၀ – ၂၀၂၃
SN (VOM)

လက်ရှိမှာ ဖောင်းကြွနံပါတ်ပြား အသစ်မလဲရသေးတဲ့ ကားတွေကို စတင် အရေးယူနေပြီး သတ်မှတ်ဒဏ်ကြေးထက် ပိုမိုကောက်ခံတာတွေ ရှိနေတယ်လို့ ရန်ကုန်မြို့ရှိ အငှားယာဥ်မောင်းတွေက ပြောပါတယ်။

ဖောင်းကြွနံပါတ်ပြားတွေကို ဧပြီလကုန် နောက်ဆုံးထားပြီး ပြောင်းလဲတပ်ဆင်ဖို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)က ကြေညာချက်ထုတ်ပြန်ထားပြီး မေ ၁၅ ရက်အထိ ပြောင်းလဲတပ်ဆင်ခြင်း မရှိတာကို စစ်ဆေးတွေ့ရှိရင် ဒဏ်ငွေ ၅၀၀၀ ကျပ် ပေးဆောင်ရမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

အဲ့ဒီ့ သတ်မှတ်ရက်ကျော်လို့မှ ဖောင်းကြွနံပါတ်ပြား မပြောင်းရသေးရင်တော့ ယာဥ်ရဲ့ ဝှီးတက်ကိုပါ သိမ်းယူမှာဖြစ်တယ်လို့ ကညနက အသိပေးထားပေမယ့် လက်တွေ့ မြေပြင်မှာတော့ သတ်မှတ် ဒဏ်ကြေးထက် ပိုမိုပေးဆောင်နေရတယ်လို့ သိရပါတယ်။

“ယာဉ်လိုင်စင်သက်တမ်း ကျန်သေးတဲ့ ကားအများစုက သက်တမ်းတိုးမှ နံပါတ်ပြားလဲမယ်ဆိုပြီး ရည်ရွယ်ထားကြတာပါ။ အခု သူတို့က အိမ်စီးကားတွေထက် အငှားကားတွေကို ပစ်မှတ်ထား ဖမ်းဆီးနေကြတာ။ သူတို့သတ်မှတ်ထားတာ ငါးထောင် ဆိုပေမယ့် တကယ်တမ်းအဖမ်းခံရရင် အဲ့ဒီလောက်နဲ့မပြီးဘူး။ တစ်သောင်းခွဲပေးရတာ”လို့ တာမွေမြို့နယ်က အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ အခုလို ဖောင်းကြွနံပါတ်ပြား ဖမ်းဆီးတာတွေကို အင်းစိန်၊ သာကေတ၊ တာမွေ မြို့နယ်တို့မှာ အဓိကထား ပြုလုပ်နေတယ်လို့ သိရပါတယ်။

“အဖမ်းခံရရင်လည်း အရင်လို ယာဥ်ထိန်းရဲတွေချည်းပဲ ဖမ်းတာမျိုးမဟုတ်တော့ အရင်လို ငါးထောင်၊ တစ်သောင်းနဲ့ ညှိလို့မရတော့ဘူး။ သူတို့တောင်းတဲ့ပမာဏ မပေးရင် ဝှီးတက်သိမ်း၊ ရုံးလာခဲ့လုပ်တာ။ ကျွန်တော်ကိုယ်တိုင်လည်း လိုင်စင်သက်တမ်းတိုးရင်းနဲ့မှ လဲမယ်လုပ်ထားတာ။ ဒါပေမယ့် မနေ့က အဖမ်းခံလိုက်ရတယ်၊ တစ်သောင်းခွဲပေးခဲ့ရတယ်”လို့ သာကေတမြို့နယ်မှ အငှားယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

မှတ်ပုံတင် မော်တော်ယာဉ်တွေ အားလုံးကို အခု ၂၀၂၃ ခုနှစ်၊ မတ် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ဖောင်းကြွနံပါတ်ပြား ပုံစံအသစ် ပြောင်းလဲတပ်ဆင်ဖို့ ကညန က ကြေညာချက် ထုတ်ပြန်ထားခဲ့ပေမယ့် နံပါတ်ပြားအသစ် ပြောင်းလဲတပ်ဆင်မယ့်ယာဉ်တွေ ကျန်ရှိနေတာကြောင့် ပြီးခဲ့တဲ့ ဧပြီလကို ပညာပေးကာလအဖြစ် ထပ်မံတိုးမြှင့်ခဲ့ပါတယ်။

ပညာပေးကာလ ကျော်လွန်ရင်တော့ လိုအပ်တဲ့ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် အရေးယူမယ့်အပိုင်းနဲ့ ပတ်သက်ပြီး သီးသန့် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ဖောင်းကြွနံပါတ်ပြား #ဒဏ်ကြေးကောက်ခံမှု

Related posts

Leave a Comment

VOM News

FREE
VIEW