ဆိုင်ကလုန်းမုန်တိုင်းရဲ့ညာဘက်ခြမ်းဟာ ဧရာဝတီတိုင်း ကမ်းရိုးတန်းဒေသတွေကို အန္တရာယ်သက်ရောက်နိုင်လို့ သတိထားဖို့လိုအပ်

မေ၊၉-၂၀၂၃
MM(VOM)

ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်လာမယ့်မုန်တိုင်းငယ်ဟာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ ရခိုင်ပြည်နယ်ကို ဝင်ရောက်မှာဖြစ်ပြီး မုန်တိုင်းရဲ့ညာဘက်ခြမ်းဟာ ဧရာဝတီတိုင်းရှိ ကမ်းရိုးတန်းဒေသတွေကို မုန်တိုင်းအန္တရာယ် သက်ရောက်နိုင်လို့ သတိထားရမယ်လို့ မိုးလေသဝပညာရှင်တွေကသတိပေးထားပါတယ်။

မေ ၉ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး အဲဒီ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ကာ မေ ၁၀ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားကောင်းရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီ ဆိုင်ကလုန်းမုန်တိုင်းဟာ ကနဦးမှာ မြောက်- အနောက်မြောက်ဘက်ကို ရွေ့လျားပြီး မေလ ၁၂ရက် မှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းကို ရောက်ရှိကာ အဲ့ဒီကတဆင့် မြောက်-အရှေ့မြောက်ဘက်ကိုကွေ့ ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းကိုရွေ့လျားနိုင် တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

”သေချာတာက အရှေ့မြောက်ကိုရွေ့ပြီး ရခိုင်ကမ်းရိုးတန်း တစ်နေရာကိုတော့ ဝင်နိုင်မယ့်အခြေအနေက ၉၀ ရာခိုင်နှုန်းလောက်သေချာပါတယ်၊ ကုန်းတွင်းဝင်မယ့်နေရာက အောက်ဘက် ထပ်ကျလာနိုင်သေးတယ်ဆိုတဲ့ သဘောပါ၊ မုန်တိုင်းတည့်တည့်ဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေမုန်တိုင်း ညာဘက်ခြမ်း(အောက်ဘက်ခြမ်း)က ရခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီအနောက်ဘက် ကမ်းရိုး တန်း ဂေါ်ရင်ဂျီ၊ ငွေဆောင်၊ ချောင်းသာဂွအထိ ဖြစ်လာမဲ့ မုန်တိုင်းသက်ရောက်မှုက ကြီးမားနိုင်တာမို့ ရှောင်ဖို့လိုတဲ့ ကျေးရွာ၊ မြို့နယ်တွေက ရှောင်သင့်ပါတယ်။”လို့ မိုးဝေသဝ ပညာရှင်တစ်ဦးကပြောပါတယ်။

အဲ့ဒီ ဖြစ်ပေါ်လာမယ့်မုန်တိုင်းအရွယ်အစားမှာ အချင်းမိုင် ၃၀၀ မှ ၄၀၀ အထိရှိလာနိုင်ပြီး မုန်တိုင်းဗဟိုချက်လေ တိုက်နှုန်းမှာ တစ်နာရီ မိုင် ၁၄၀ ကနေ ၁၅၀ ကျော် အထိရှိလာနိုင်ကြောင်း ခန့်မှန်းထားတယ်လို့ သိရပါတယ်။

”ဖြစ်ပေါ်လာမယ့် မုန်တိုင်းရဲ့အခြေအနေကို အခု မနက် အရမ်းမှန်တဲ့ မိုးလေသဝ ပညာရှင်တစ်ဦးရဲ့ခန့်မှန်းချက် ပို့စ်ကိုဖတ်ရပါတယ်၊ မုန်တိုင်းရဲ့အဝန်းအဝိုင်းကကျွန်မတို့ ကမ်းခြေဒေသတွေကို သက်ရောက်နိုင်တယ်တဲ့၊ဘယ်လိုပဲပြောပြော မုန်တိုင်းဆို ကြောက်တယ်၊ နာဂစ်တုန်းက သင်ခန်းစားရှိထားတယ်လေ၊ မုန်တိုင်းတိုက်ခတ်တဲ့အခါ မိုင် ၁၅၀ ကျော်မယ်တဲ့၊ အခုမနက်တော့ အရင်ရက်တွေ ကထက် မိုးတွေအရမ်း အုံ့နေတယ်။”လို့ ငွေဆောင်မြို့ခံတစ်ဦးကပြောပါတယ်။

အဲ့ဒီ ဖြစ်ပေါ်လာမယ့် မုန်တိုင်းကို ခန့်မှန်းချက်တွေအားလုံးဟာ တိုင်းထွာတဲ့ အချိန်၊ အသုံးပြုတဲ့အချက်အလက် နဲ့ ခန့်မှန်းတွက်ချက်တဲ့ မော်ဒယ်လ်တို့ အပေါ်မူ တည်ပြီး မုန်တိုင်းရွေ့လျားမယ့်လမ်းကြောင်း အမျိုးမျိုးပြောင်း လဲနိုင်သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက် သတင်းတွေ ထွက်ပေါ်လာမှုနဲ့ ပတ်သက်ပြီး မျက်ခြည်မပြတ် စောင့်ကြည့်ကာ အလေးထား ဆောင်ရွက်နေတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတွေကို ပြောကြားချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မုန်တိုင်းအန္တရာယ်

Related posts

Leave a Comment

VOM News

FREE
VIEW