ဧရာဝတီတိုင်းမှာ ဒေသခံ (၂)သောင်းနီးပါး မြို့ပေါ်တက်ပြီး မုန်တိုင်းရှောင်၊ စားနပ်ရိက္ခာအကူအညီလိုအပ်နေ

မေ၊၁၀-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်းရှိ ပင်လယ်ကမ်းခြေဒေသတွေမှာနေထိုင်တဲ့ ဒေသခံ(၂)သောင်းနီးပါးဟာ မေလ ၈ ရက်နဲ့ ၉ ရက်ကစတင်ပြီး မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်တဲ့အနေနဲ့ မြို့ပေါ်ကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ စတင်ဖြစ်ပေါ်လာမယ့် ဆိုင်ကလုန်း မုန်တိုင်းဟာ ဧရာဝတီတိုင်းကို သက်ရောက်နိုင်တဲ့အတွက် အန္တရာယ်ကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ ဧရာဝတီတိုင်းထဲက လပွတ္တာ ၊ ပြင်စလူ ၊ ဟိုင်ကြီးကျွန်း၊ ငပုတော ၊ ဘိုကလေး ၊ ဖျာပုံ ၊ ဒေးဒရဲ ၊ ကျိုက်လတ်၊ ဝါးခယ်မ ၊ ငွေဆောင် ၊ ချောင်းသာ ၊ မော်လမြိုင်ကျွန်း၊ ရွှေသောင်ယံ ၊မြောင်းမြ စတဲ့မြို့တွေနဲ့ မြို့နယ်တွေက ဒေသခံ(၂)သောင်းနီးပါးဟာ မြို့ပေါ်က ဘုန်းတော်ကြီးကျာင်း၊စာသင်ကျောင်း စတဲ့နေရာတွေမှာ မုန်တိုင်း ကြိုတင်ရှောင်တိမ်းဖို့ ရောက်နေကြတာလို့ သိရပါတယ်။

အဲ့ဒီ မုန်တိုင်းရှောင် ဒေသခံတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ချက်ပြုတ်စားသောက်ကြသလို ဘုန်းကြီးကျောင်းနဲ့ အလှူရှင်တွေက ဆန်ရိက္ခာကူညီကြပေမယ့် စားသောက်စရာတွေ လုံလောက်မှုမရှိဘဲ အကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

”လပွတ္တာမြို့ပေါ်ကို လာရှောင်တဲ့ ကမ်းခြေက ဒေသခံတွေ သီးသန့် နှစ်သောင်းနီးပါးလောက်ရှိပါတယ်၊မုန်တိုင်းဒဏ်ကို ကောင်းကောင်းခံစားဖူးတဲ့ ဒေသခံတွေဆိုတော့၊ မုန်တိုင်း တည့်တည့်ဝင်တာဖြစ်စေ မဝင်ဘူးဖြစ်စေ မုန်တိုင်းဆို ကြိုရှောင်နေတာပါ၊ လူဦးရေက အရမ်းများတော့ မနေ့ကတည်းက ရှောင်နေတာဖြစ်တော့ စားဖို့ သောက်ဖို့တွေ အခက်အခဲရှိလာတယ်၊ တချို့က ကိုယ့်အစီအစဉ်နဲ့ ကိုယ်စားနေတာပါ၊ တချို့ကလည် းစားဖို့ကို မရှိတာဆိုတော့ ခက်ခဲတာပေါ့။”လို့ လူမှုကူညီရေးအဖွဲ့တာဝန်ခံတစ်ဦးကပြောပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ် နေတဲ့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကိုရွေ့လျားပြီး အားကောင်းတဲ့ မုန်းတိုင်ငယ်အဖြစ်ကို ရောက်နေပြီဖြစ်လို့ လိမ္မော်ရောင်အဆင့် သတ်မှတ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ မေလ ၁၀ ရက် မနက်ပိုင်းမှာထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် မုန်တိုင်းဟာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ မေလ ၁၃ ရက်မှာ အရှေ့မြောက်ဘက်ကို တဖြည်းဖြည်းကွေ့ကာ မေလ ၁၄ ရက်မှာတော့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အရှေ့တောင်ပိုင်း နဲ့ မြန်မာနိုင်ငံ၊ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကမ်းခြေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို့ နဲ့ မြန်မာနိုင်ငံ၊ကျောက်ဖြူမြို့ကြားကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့လည်း ခန့်မှန်းချက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။

”ဒီနေ့ မနက် သတင်းတွေ ဖတ်ရတာ မုန်တိုင်းစဖြစ်ပြီတဲ့ ၊မုန်းတိုင်းက ရခိုင်ဘက်ဝင်မယ်လို့သိရတယ်၊ ဒါပေမယ့် မုန်တိုင်းအန္တရာယ်ကင်းတဲ့အချိန်အထိတော့ ရှောင်နေမှဖြစ်မယ်၊ နာဂစ်တုန်းက သင်ခန်းစာရထားပြီ ၊နာဂစ်တုန်းက ဟိုဝင်မယ် ဒီဝင်မယ်နဲ့ နောက်ဆုံး ကျွန်မတို့ဒေသခံတွေရဲ့ဘဝတွေပဲ ပျက်ခဲ့ရတာ၊ ဒါ့ကြောင့် နေအိမ်နဲ့ အိမ်ကပစ္စည်းတွေကို ပစ်ပြီး လာရှောင်နေတာပါ။”လို့ လပွတ္တာမြို့ခံ တစ်ဦကပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ခုနှစ်၊ မေလ ၂ ရက်မှာတိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းထဲက လပွတ္တာ၊ ပြင်စလူ၊ ဘိုကလေး၊ ငပုတာ၊ ပုသိမ်၊ ဝါးခယ်မ၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ ဖျာပုံ ၊ ကွမ်းခြံကုန်းစတဲ့ မြို့နယ်တွေမှာ လေပြင်းတိုက်ခိုက်ခတ်မှုနဲ့ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနာဂစ် မုန်တိုင်းကြောင့် လူပေါင်း ၁၃၉၀၀၀ ကျော် သေဆုံးခဲ့သလို ကျွဲ၊ နွား စတဲ့ စိုက်ပျိုးရေးကိရိ ယာတွေ ဆုံးရှုံးတဲ့အပြင် အိမ်ယာအဆောက်အဦ ၇ သိန်းကျော် အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ကျော်ဆုံးရှုံးခဲ့ပြီး တချို့ဒေသတွေဟာ လက်ရှိအချိန်အထိ အဲ့ဒီဒဏ်တွေကိုခံစားရနေဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #မုန်တိုင်းရှောင်ဒေသခံ #စားနပ်ရိက္ခာလိုအပ်

Related posts

Leave a Comment

VOM News

FREE
VIEW